စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဒီပဲယင်း စိုင်ပြင်မြို့ကို စစ်အုပ်စု ဗုံးကြဲလို့ ပြည်သူ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ၊

အရာတော်မြို့နယ် ကျေးရွာတွေကိုလည်း စစ်အုပ်စုက ပစ်မှတ်ထား ဗုံးပတ်ကြဲနေ၊

အရာတော်မြို့နယ် ကျေးရွာတွေကိုလည်း စစ်အုပ်စုက ပစ်မှတ်ထား ဗုံးပတ်ကြဲနေ၊

ကိုသူ/MFP၊ ဇန်နဝါရီ – ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ကို ဒီကနေ့ မွန်းလွဲပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရပြီး အိုးအိမ်တွေလည်း ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၁၉ရက် ဒီကနေ့ မွန်းလွဲ ၁၂နာရီဝန်းကျင်အချိန် မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဒီပဲယင်းနယ်၊ စိုင်ပြင်မြို့ကို စစ်အုပ်စုက ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ စိုင်ပြင်မြို့ခေါ် စိုင်ပြင်ကြီးကျေးရွာအနီးရှိ မူးဘောင်နေရာကို တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ကြဲချပြီးနောက် ရော့ကတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် ၄၀ ဝန်းကျင်ရွယ် အရပ်သားပြည်သူ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ နောက်ထပ် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကြဲသွားတာက ပေါင် ၂၅၀ တစ်လုံးရယ်၊ ရော့ကတ်ကတော့ အလုံးရေကတော့ မသိရဘူး၊ တစ်ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ အလောင်းကတော့ တစ်စစီ‌‌ကောက်ရတဲ့ အနေအထားတော့ မဟုတ်ဘူး၊ နောက်ကျောဘက် ပွင့်သွားတယ်”

စစ်အုပ်စု ကြဲချတဲ့ ဗုံးကြောင့် ဒေသခံအရပ်သားပြည်သူ အမျိုးသား နှစ်ဦး ထိမှန်တာ ဖြစ်ပြီး တစ်ဦး သေဆုံးကာ ကျန်တစ်ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ ကလည်း သတင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အိုးအိမ်အဆောက်အအုံတွေလည်း ဗုံးထိမှန်၊ မီးလောင်ပျက်စီးတယ်လို့ ဆိုပါတယ်။

“ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းသတိ အမြဲရှိပြီး၊ လေကြောင်းသတင်း ကြားရလျင် ဘေးလွတ်ရာ နေရာများတွင် အထူးဂရုစိုက် နေထိုင်ကြရန် အထူး အသိပေး နှိုးဆော်အပ်ပါသည်” လို့ ဒီပဲယင်းမြို့နယ် ပအဖ က တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ရက် ညပိုင်းနဲ့ ၁၁ရက် ညနေပိုင်းတွေမှာလည်း စစ်အုပ်စုက ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံရာ စာသင်ကျောင်းကို ဗုံးကြဲသတ်ဖြတ်ခဲ့ရာ စစ်ဘေးရှောင်တွေ အပါအဝင် ဒေသခံ အရပ်သားပြည်သူ ဆယ်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၉ရက် ဒီကနေ့မှာပဲ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့အနီး၊ မြို့ရဲ့အရှေ့ဘက် တောတဲကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်ကလည်း အရာတော်မြို့နယ် တောင်ပိုင်း၊ ကံရင်းကျေးရွာရှိ မူကြိုကျောင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲသလို ဂျက်တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်နဲ့ အရပ်သားပြည်သူ စုစုပေါင်း သုံးဦး သေဆုံးကာ ကျောင်းဆောင်၊ အိုးအိမ်နဲ့ ယာဉ်ယန္တရားတွေ ပျက်စီးခဲ့ပါတယ်။

စစ်အုပ်စုဟာ ဒီပဲယင်းနဲ့ အရာတော်နယ် အပါအဝင် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူ နေထိုင်ရာ မြို့၊ရွာ၊ ရပ်ကွက်တွေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရား၊စေတီ၊ သာသနိက အဆောက်အအုံတွေကို ထင်တိုင်းကျဲ ဗုံးကြဲနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲမှု ၁၁၉ ကြိမ် ကျူးလွန်ခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်း ထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်အထိ မှတ်တမ်းတင်ထားနိုင်တဲ့ အချက်အလက်တွေအရ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၄,၄၉၈ ကြိမ် ကျူးလွန်ခဲ့ရာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆၃၀ ကျော် အပါအဝင် လူ ၄,၆၈၀ ကျော် သေဆုံးခဲ့ပြီး စာသင်ကျောင်း ၄၃၂ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄၄ ခုနဲ့ ဘုရား၊စေတီ၊ ဘာသာရေးအဆောက်အအုံ ၆၅၀ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒီပဲယင်း ပအဖ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button