စစ်ကိုင်းသတင်း

စစ်ကိုင်းတိုင်းက မြို့သုံးမြို့ကို စစ်အုပ်စုလေကြောင်းက ဆက်တိုက်ဗုံးကြဲတာကြောင့် တစ်ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိနေ

ကိုသူ/MFP၊ ဇန်နဝါရီ – ၁၉

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊ ဘုတလင်မြို့နယ်နဲ့ အရာတော်မြို့နယ်ကို စစ်အုပ်စုတပ်က ဇန်နဝါရီ ၁၉ ရက် ဒီ‌နေ့တစ်ရက်ထဲမှာ လေကြောင်းအသုံးပြု ဗုံးကြဲခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ နောက်ထပ် ဒေသခံတွေလည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

စစ်အုပ်စုတပ်ဟာ ဒီပဲယင်းမြို့နယ် ၊စိုင်ပြင်ကြီးကျေးရွာအနီးက မူးဘောင် နေရာကို ဂျက်ဖိုက်တာတစ်စင်းနဲ့ ပေါင် ၂၅၀ ဗုံးတစ်လုံးကြဲခဲ့သလို ရော့ကတ်တွေနဲ့ ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး နေရာမှာတင်သေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးလည်း ဒဏ်ရရရခဲ့တာ ဖြစ်ပါတယ်။

“ကြဲသွားတာက  ပေါင် (၂၅၀ ) တစ်လုံးရယ် ၊ရော့ကစ်ကတော့ အလုံးရေကတော့ မသိရဘူး ၊တစ်ဦးကတော့ ပွဲချင်းပြီးဆုံးသွားတယ်။အလောင်းကတော့ တစ်စစီ‌‌ကောက်ရတဲ့ အနေအထားတော့ မဟုတ်ဘူး ၊နောက်ကျောဘက် ပွင့်သွားတယ်”လို့ ကိုဇော်ဖြိုးက ပြောပါတယ်။

အလားတူ ဘုတလင်နဲ့အရာတော်မြို့နယ်တို့က အရပ်သားတွေနေထိုင်နေတဲ့ ကျေးရွာတွေကို စစ်အုပ်စုတပ် လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး  ပေါင်နှစ်ရာဗုံးတွေ ကြဲချခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဘုတလင်မြို့နယ်က လေကြောင်းတိုက်ခိုက်မှု အခြေအနေကို အသေးစိတ်မသိရသေးပေမဲ့ အရာတော်မြို့နယ် လေကြောင်းတိုက်ခိုက်မှုမှာတော့ တစ်ဦးသေဆုံးကာ နှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တစ်ဦးဒဏ်ရာရတယ်ဗျ၊ လောလောဆယ်တော့ ရှင်းလင်းရေး လုပ်နေတုန်းပါပဲ”လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်စည်က ပြောပါတယ်။

ဒါ့အပြင် အရာတော်မြို့နယ်က လေကြောင်းပစ်ခတ်ခံရတဲ့ ဒေသတွေဟာ လတ်တလောတိုက်ပွဲဖြစ်ပွားနေတာ မရှိတာကြောင့် စစ်အုပ်စုတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားဗုံးကြဲနေတာလို့ ဆိုပါတယ်။

စစ်အုပ်စုတပ်ဟာ အရာတော်မြို့နယ်အတွင်းက တောင်ဘက်နဲ့မြောက်ဘက်မှာရှိတဲ့ ရွာတွေကို ဇန်နဝါရီလ ၁၇ ရက်ကနေ ၁၉ ရက်အထိ သုံးရက်တာအတွင်း ဂျက်ဖိုက်တာနဲ့နှစ်ကြိမ် ဂျိုင်ရိုကော်ပတာနဲ့တစ်ကြိမ် ဆက်တိုက်လေကြောင်းကနေ  ဗုံးကြဲနေတာဖြစ်ပြီး အရပ်သားလေးဦးသေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုတပ်ဟာ PDF တွေနေထိုင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ဘေးရှောင်စခန်းတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကိုပါမကျန် လေကြောင်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်နေတဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ ဂျက်ဖိုက်တာကို အများဆုံး အသုံးပြုခဲ့ပေမဲ့ စစ်ကိုင်းနဲ့မကွေးတိုင်းမှာတော့ ကုန်ကျစားရိတ်

သက်သာတဲ့ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေကို အသုံးပြုနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDIS)က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ- ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ်အတွင်းက ဇန်နဝါရီလ ၁၉ ရက်မှာ လေကြောင်းတိုက်ခိုက်ခံရပုံ။

ဓာတ်ပုံ- အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အရာတော်မြို့နယ်ကို ဇန်နဝါရီလ ၁၇ ရက်က စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့ပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

Related Articles

Back to top button