စလင်းနဲ့ ဆင်ဖြူကျွန်းကြား ရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့နေ၊
ဒရုန်းနဲ့ဗုံးကြဲခံရလို့ တစ်နှစ်သားကလေး သေဆုံးပြီး မိခင်ဖြစ်သူ ၂၄နာရီကြာ သတိမရသေး၊
ဒရုန်းနဲ့ဗုံးကြဲခံရလို့ တစ်နှစ်သားကလေး သေဆုံးပြီး မိခင်ဖြစ်သူ ၂၄နာရီကြာ သတိမရသေး၊
စလင်းနဲ့ ဆင်ဖြူကျွန်းကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး ဝိုင်းပိတ်ထားတယ်လို့ NUG က ထုတ်ပြန်ထား၊
တေဇ/MFP၊ ဇန်နဝါရီ – ၁၉
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ကြား၊ စလင်းချောင်းတလျှောက်ရှိ ကျေးရွာတွေကို စစ်အုပ်စုက ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ သုံးကာ စစ်ကြောင်းထိုးနေပြီး လူသတ်၊ လုယက်၊ မီးရှို့နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၁၇ရက်ကစလို့ စစ်အုပ်စုက စလင်းချောင်းတလျှောက်ရှိ သမြင်ကင်း၊ ကျောက်ခဲကုန်း၊ ပန်းတိမ်ကုန်း၊ ကညှပ်၊ နောင်တော်လေး၊ နောင်တော်ကြီး၊ ဥယျာဥ်စုနဲ့ ဝမ်းပြည့် စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ စီးနင်းလုယက်၊ မီးရှို့သလို ဒရုန်းနဲ့ဗုံးကြဲ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်နေတာ ဖြစ်တယ်လို့ ပြည်သူ့ညီနောင် – စလင်း အဖွဲ့က ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက်မှာ စလင်းမြို့ပေါ်က ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်အုပ်စုဟာ ပန်းတိမ်ကုန်း ကျေးရွာကို စီးနင်းလုယက် မီးရှို့ပြီးနောက် အနီးရှိ ကညှပ်၊ ကျောင်းကုန်းနဲ့ နောင်တော်လေး ကျေးရွာကို လက်နက်ကြီး ထု၊ Drone (ဒရုန်း) နှစ်စီးနဲ့ ဗုံးကြဲခဲ့ရာ ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူ အများအပြား ဒဏ်ရာရပြီး အသက် ၇၀အရွယ် အဖိုးအိုတစ်ဦးနဲ့ အသက်တစ်နှစ်အရွယ် ကလေးတစ်ဦးတို့ သေဆုံးတယ်လို့ ဆိုပါတယ်။
“သေဆုံးတာကာ အသက် ၇၀ အရွယ် ဦးသစ်ကျား၊ အသက် တစ်နှစ် ကလေးတစ်ယောက်၊ ကလေးက မိခင်နဲ့သား နှစ်ယောက်ထိတာ၊ သားဖြစ်သူ သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရတယ်၊ စိုးရိမ်ရတဲ့ အခြေအနေရှိ၊ လက်ရှိအချိန်ထိ သတိမရသေး” လို့ ပြည်သူ့ ညီနောင် – စလင်း အဖွဲ့က MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၁၈ရက်မှာလည်း စလင်းမြို့ပေါ်က ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုဟာ စလင်းနဲ့ဆင်ဖြူကျွန်းကြား၊ စလင်းချောင်းတလျှောက် ကျေးရွာတွေကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့သလို ဒရုန်းနဲ့ဗုံးကြဲ၊ လက်နက်ကြီး ထုတာကြောင့် ထိခိုက် ဒဏ်ရာရသူနဲ့ အသက်အန္တရာယ် စိုးရိမ်ရသူတွေ အများအပြား ရှိပြီး ကျေးရွာတွေကို စီးနင်းချိန် ဓားစာခံ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၉ရက်မှာလည်း စစ်အုပ်စုက ဝမ်းပြည့်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲလို့ မိသားစုဝင် ငါးဦး ထိခိုက်ဒဏ်ရာရပြီး နှစ်ဦး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ပြည်သူတချို့ ပြန်လည် လွတ်မြောက်တယ် ကြားရပေမယ့် စစ်အုပ်စုက ကျေးရွာတွေထဲ ဖြန့်ခွဲနေရာယူထားတာကြောင့် မီးရှို့ခံရတဲ့ အိမ်ခြေ၊ ဖမ်းဆီးခံရသူနဲ့ ဒဏ်ရာရသူ အရေအတွက် အတိအကျ မသိရသေးဘူးလို့ ပြည်သူ့ ညီနောင် – စလင်းက ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် စလင်းချောင်းတလျှောက် ကျေးရွာ ၁၄ ရွာ ထက်မနည်း ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ပြည်သူ့ ညီနောင် – စလင်း အဖွဲ့က MFP ကို ပြောပါတယ်။
စလင်းနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ကျေးရွာတစ်ရွာကို စီးနင်းမိချိန် နေအိမ်တွေ ဖောက်ထွင်း လုယက်၊ မီးရှို့သလို တွေ့သမျှပြည်သူကို ဓားစာခံဖမ်းပြီးနောက် အနီးဝန်းကျင် ကျေးရွာတွေဘက် လက်နက်ကြီးထု၊ ဒရုန်းနဲ့ ဗုံးကြဲပြီးနောက် ဓားစာခံတွေနဲ့အတူ နောက် တစ်ရွာကို စစ်ကြောင်းထိုး စီးနင်းနေတာ ဖြစ်တယ်လို့ ပြည်သူ့ ညီနောင် – စလင်းအဖွဲ့က ပြောပါတယ်။
စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့ အပါအဝင် မကွေးတိုင်းထဲက မြို့ခြောက်မြို့ဖြစ်တဲ့ ပွင့်ဖြူမြို့၊ ဆိပ်ဖြူမြို့၊ ချောက်မြို့နဲ့ စလေမြို့တို့ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၃ရက်က စတင်ကာ ထိုးစစ်ဆင်နေပြီး စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တို့ကို ပိတ်ဆို့ထားတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MODက ဒီဇင်ဘာ ၂၈ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
NUG က ပိတ်ဆို့ထားတယ် ဆိုတဲ့ကြားကပဲ စစ်အုပ်စုက စလင်းနဲ့ ဆင်ဖြူကျွန်း အပါအဝင် မကွေးတိုင်းထဲက မြို့တွေက အတုအယောင် ရွေးကောက်ပွဲ လုပ်ပြခဲ့ပြီး လက်ရှိမှာတော့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၉ ရက်နဲ့ ဇန်နဝါရီ ၁၀ ရက် ရွေးကောက်ပွဲအကြိုညကလည်း စစ်အုပ်စုက ဆင်ဖြူကျွန်းမြို့အနီးရှိ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ပြည်သူ ၂၀ ကျော် ဒဏ်ရာရခဲ့ပါသေးတယ်။
စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့ကြား၊ စလင်းချောင်းတလျှောက် ကျေးရွာတွေကို စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲ၊ လက်နက်ကြီးထု၊ စစ်ကြောင်းထိုး စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေစဉ်/Photo – ပြည်သူ့ညီနောင် – စလင်း၊ CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



