တစ်နေ့ထဲမှာပဲ ဂျက်ဖိုက်တာသုံးစင်းနဲ့ လေကြောင်း ပစ်ခတ်တာကြောင့် သေဆုံးဒဏ်ရာရသူတွေရှိ၊
ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၂၀
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ကျောင်းတွေပိတ်ထားခဲ့ပေမဲ့ ဇန်နဝါရီလ ၂၀ ရက်ဒီနေ့မှာတော့ အမှတ်-၃ အခြေခံပညာအထက်တန်းကျောင်းပြန်ဖွင့်ကာ ကျောင်းပြန်တက်ဖို့ စစ်အုပ်စုတပ် နှိုးဆော်နေသလို တစ်ဖက်မှာလည်း စစ်အုပ်စုတပ်က ဂျက်ဖိုက်တာသုံးစင်းနဲ့ မြို့အနှံ့ကို ပစ်ခတ်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်ကတည်းက ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေအကြား မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲ ဆယ်ရက်ကျော်အကြာ ပြင်းထန်ခဲ့တာကြောင့် ဒေသခံအရပ်သားတွေဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြပြီး မြို့ခံခုနစ်သောင်းနီးပါးဟာ နေအိမ်တွေမှာပဲ ဆက်လက်နေထိုင်နေကြတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ စစ်အုပ်စုတပ်နဲ့နီးစပ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နဲ့ပညာရေးဝန်ထမ်းတွေက မြို့ကနေမရွှေ့ပြောင်းဘဲ ကျန်နေခဲ့တဲ့ ပြည်သူတွေကို အထက-၃ ကျောင်းမှာ ကျောင်းလာတက်ကြဖို့ နှိုးဆော်နေကြတယ်လို့ ကသာဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
“ကသာက အခုဖုန်းလိုင်းကပြတ်နေတာ၊ အက်တာနက်ကတော့ တချက်တချက် အဆက်အသွယ်ရတယ်။ အထက-၃မှာပဲ အကုန်လုံးစုပြီး ဒီနေ့စတက်ရတာလို့ပြောတယ်။ အရင်က အထက-၁ တို့၊ အထက-၂၊ ကိုယ်ပိုင်ကျောင်းတို့မှာ တက်ခဲ့ရင်လည်း အခုက အထက-၃ မှာပူးပေါင်းပြီး တက်ကြရတယ်။ ဒီနေ့တော့ အထက-၃မှာ အကုန်တက်ရတယ်။ အထက-၃က မဲရုံလုပ်ခဲ့တာဟုတ်တယ်။ မနက်ဖြန်တော့ ဘယ်ကျောင်းမှာ တက်ရမလဲမသိသေးပါဘူး။ မိဘတွေကတော့ စိတ်မချလို့ ကျောင်းအရှေ့မှာ စောင့်နေကြတယ်။ ဒီနှစ်ပတ်ဆက်တိုက် ကျောင်းတက်ပြီး လကုန်ပြီး ၄ ရက်နေ့မှာ စာမေးပွဲဖြေရမယ်တဲ့”
လက်ရှိလေကြောင်း ပစ်ခတ်မှုအခြေအနေ အသေးစိတ်ကိုတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် အတိအကျ မသိရသေးဘဲ သေဆုံးထိခိုက်သူတွေရှိနေတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် ကသာမြို့နယ်ကနေ တခြားမြို့တွေကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကျောင်းသားတွေကို ပညာရေးမှူးရုံးတွေကနေတဆင့် နီးစပ်ရာ ကျောင်းတွေမှာ ကျောင်းပြန်တက်နေကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဇန်နဝါရီလ ၁၃ ရက်ကစပြီး နှစ်ဘက်တိုက်ပွဲတွေ မရှိတော့တာကြောင့် မြို့ကို ပြန်လည်ဝင်ရောက် နေထိုင်ကြသူတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်ဘက်တိုက်ပွဲငြိမ်သက်နေပေမဲ့ စစ်အုပ်စုတပ်ကတော့ လက်နက်ကြီးနဲ့ရှော့တိုက်ဒုန်းတွေကို မြို့ပေါ်က လူနေရပ်ကွက်တွေကို ပစ်ခတ်နေတာကြောင့် ရပ်ကွက်-၉၊ ရပ်ကွက် -၅နဲ့ ရပ်ကွက် – ၇ စတဲ့ နေရာတွေက နေအိမ်သုံးဆယ်ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေမရှိပေမဲ့ စစ်အုပ်စုတပ်ကတော့ မြို့အဝင်အထွက်ဂိတ်တွေနဲ့ မိန်းလမ်းမကြီးတွေကို ပိတ်ဆို့ထားပြီး လုံခြုံရေးအင်အားကို ပိုတိုးချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဓာတ်ပုံ-ကသာဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



