စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ရက်ရှည် ဖမ်းထားသူတွေကို ရွာထဲ ပြန်ခေါ်လာပြီး သတ်ဖြတ်စွန့်ပစ်၊

အိမ်မီးရှို့ကာ သံဃာတွေ အပါအဝင် နောက်ထပ် ရွာခံပြည်သူ ၁၅ဦး ဖမ်းခေါ်သွား၊

သုထက်/MFP၊ ဇန်နဝါရီ – ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာရွာကို ဇန်နဝါရီ ၁၈ ရက်မှာ အာဏာသိမ်း စစ်အုပ်စုက ရုတ်တရက် စီးနင်း၊ လုယက်၊ မီးရှို့ပြီးနောက် ရွာထဲက ပြန်ထွက်သွားချိန် ပြည်သူ သုံးဦးကို သတ်ဖြတ် စွန့်ပစ်ခဲ့ကာ ရဟန်းသံဃာနဲ့ ပြည်သူ၊ စုစုပေါင်း ၁၅ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

ချောင်းဦးနယ် အောင်ချမ်းသာရွာထဲ စစ်အုပ်စုက သတ်ဖြတ် စွန့်ပစ်ခဲ့သူ သုံးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၃၁ရက် နှစ်သစ်ကူး ညမှာ ဖမ်းဆီးခံရသူတွေ ဖြစ်ပြီး စစ်အုပ်စုက အဲ့ဒီ ရက်ကြာရှည် ဖမ်းဆီးထားသူတွေကို ရွာထဲ ပြန်ခေါ်လာကာ ကျေးရွာအတွင်း သတ်ဖြတ် စွန့်ပစ်ခဲ့တာ ဖြစ်ပြီး နောက်ထပ် ရဟန်းသံဃာနဲ့ ရွာခံပြည်သူတွေကို ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု သတ်ဖြတ်ခဲ့သူ သုံးဦးဟာ အောင်ချမ်းသာရွာခံ သာမာန် အရပ်သား ပြည်သူတွေဖြစ်တဲ့ အသက် ၅၀ ဝန်းကျင် ဇနီးမောင်နှံနဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတို့ ဖြစ်တယ်လို့ ဒေသခံ အမျိုးသား တစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ကောင်စီက ယုတ်မာချက် ကမ်းကုန်ပဲ၊ ဓားစာခံတွေကို သူတို့သိချင်တဲ့ နာမည်နဲ့ အိမ်တွေ လိုက်ပြခိုင်း၊ မီးရှို့ပြီးမှ သတ်ထားခဲ့တာ”

စစ်အုပ်စုဟာ နှစ်သစ်ကူးညက အောင်ချမ်းသာရွာကို စီးနင်း လုယက်ပြီးနောက် ရွာခံတချို့ကို ဓားစာခံ လူသားဒိုင်းကာနဲ့ ခိုးရာပါ ပစ္စည်းသယ်ဖို့အတွက် ဖမ်းခေါ်သွားတာ ဖြစ်ပြီး ရက်ရှည်ချုပ်နှောင် ညှဉ်းပန်း ပြီးနောက် အခုလို ကျေးရွာထဲ ပြန်ခေါ်လာကာ သတ်ဖြတ်စွန့်ပစ်တာ ဖြစ်တယ်လို့ ချောင်းဦးနယ်ခံ တစ်ဦးက ဆိုပါတယ်။

“ပြည်သူ သုံးယောက်ကို သတ်ပြီး အိမ်တချို့ကို မီးရှို့သွားပါတယ်။ သတ်သွားတဲ့ ပြည်သူ သုံးယောက် ဆိုသည်မှာလည်း မကြာသေးခင်တုန်းက ခွေးစစ်ကြောင်း အောင်ချမ်းသာရွာ ဝင်ပြီး ဖမ်းသွားကြသူတွေပါ။ ဒီနေ့မှ ထိုသူ သုံးယောက်ကို ရွာထဲပြန်ခေါ်လာပြီး ထိုရွာထဲမှာပဲ ပစ်သတ်ထားခဲ့ကြတာပါ။ ယုတ်ကမ်းချက်က ပြောစရာကို မရှိတော့ပါ”

နှစ်သစ်ကူးညက အောင်ချမ်းသာရွာကို စီးနင်းတဲ့ စစ်အုပ်စုဟာ စုစုပေါင်း ရွာခံ ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတာ ဖြစ်ပြီး ငါးဦး ပြန်လွတ်သလို သုံးဦးက အထက်ပါအတိုင်း ရွာထဲပြန်ခေါ်လာကာ သတ်ဖြတ်ခံရပြီး နောက်ထပ် ပြည်သူနှစ်ဦးကိုတော့ ပြန်မလွတ်၊ အဆက်အသွယ် မရဘဲ ချောင်းဦးမြို့ပေါ်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲလို့ ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ဇန်နဝါရီ ၁၈ မနက် ၉နာရီခွဲအချိန်မှာ ချောင်းဦးမြို့ထဲကနေ အိမ်စီးကား သုံးစီးနဲ့ ထွက်လာပြီးနာက် အောင်ချမ်းသာရွာကို ရုတ်တရက် စစ်ကြောင်းထိုး စီးနင်းကာ အထက်ပါအတိုင်း ပြည်သူ သုံးဦးကို သတ်ဖြတ်စွန့်ပစ်၊ နေအိမ်တွေ မီးရှို့ကာ မွန်းလွဲ ၁နာရီကျော်အချိန်မှာ ရွာထဲက ပြန်ထွက်သွားပြီး ကျေးရွာအတွင်းရှိ ရဟန်းသံဃာနဲ့ ရွာခံပြည်သူ စုစုပေါင်း ၁၅ဦးခန့်ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“ဖမ်းဆီးခံရသူတွေက အမျိုးသား၊ အမျိုးသမီး၊ ဘုန်းကြီး၊ ဦးဇင်း၊ ကိုရင်တွေ စုစုပေါင်း ၁၅ ဦးခန့် ရှိတယ်။ ဒီနေ့အထိတော့ အဆက်အသွယ် မရသေးဘူး” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

စစ်အုပ်စုဟာ ရဟန်း၊သံဃာနဲ့ ပြည်သူတွေကို ဖမ်းခေါ်သွားတဲ့အပြင် ဘုန်းတော်ကြီးကျောင်းရှိ ကားနဲ့ တန်ဘိုးရှိ ပစ္စည်းတွေကိုလည်း ဖောက်ထွင်းလုယက် သယ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထပ်မံ ဖမ်းဆီးခံရသူ ၁၅ဦးခန့်အနက် အများစုဟာ ရဟန်း၊သံဃာတွေ ဖြစ်ပြီး နောက်ဆက်တွဲ အဆက်အသွယ် မရတာကြောင့် မိသားစုတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ချောင်းဦးမြို့အနီးရှိ အောင်ချမ်းသာရွာဟာ စစ်အုပ်စု အထိုင်စခန်း နှစ်ခု ကြားထဲမှာ တည်ရှိပြီး ရွာရဲ့ မြောက်ဘက်၊ မုံရွာ – မန္တလေးလမ်းပေါ်မှာ စစ်အုပ်စုရဲ့ မြပုလဲငွေညှစ်ဂိတ်စခန်းနဲ့ ရွာရဲ့ တောင်ဘက်ရှိ မျိုးဝင်းညွန့်တိုက်မှာလည်း စစ်အုပ်စုက အထိုင်ချတပ်စွဲထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ မြပုလဲဂိတ်နေ စစ်အုပ်စုဟာ အုပ်စုဖွဲ့ လက်နက်ကိုင်ကာ ပြည်သူကို ဖမ်းဆီး၊ ငွေညှစ်တာ၊ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး ဖောက်ထွင်းလုယက် လူသတ်တာတွေ ကျူးလွန်နေသလို အနီးဝန်းကျင် ကျေးရွာတွေကို နေ့စဉ် လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ လူသတ်၊ မီးရှို့၊ ငွေညှစ်တာတွေ ဦးဆောင်ကျူးလွန်နေတဲ့ မင်းအောင်လှိုင် သစ္စာခံ ဝန်ကြီးချုပ် မြတ်ကျော်နဲ့ တိုင်းမှူး ကျော်သူရတို့ကို တွေ့ရစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button