ကနီမြို့ပေါ် ရွေးကောက်ပွဲ လုပ်ဖို့ ပြင်နေတဲ့ စစ်အုပ်စုက ရွာပေါ် ဗုံးကြဲ၊
ရှမ်းမြောင်းရွာ ငါးရက်အတွင်း ဒုတိယအကြိမ် ဗုံးကြဲခံရ၊
သုထက်/MFP၊ ဇန်နဝါရီ – ၂၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ပေါ် အယောင်ပြ ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုက ကျေးရွာတွေကို မကြာခဏ ဗုံးကြဲနေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်၊ ထွက်ပြေးနေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၂၀ရက် ဒီကနေ့ မနက် ၁၁နာရီခွဲအချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်- နမခ ကနေ တက်လာတဲ့ ဂျိုင်အိုကော်ပရာ (Gyrocopter – ရဟတ်ယာဉ်ငယ်) နှစ်စီးနဲ့ ကနီမြို့နယ်၊ ရှမ်းမြောင်းကျေးရွာကို စစ်အုပ်စုက ဗုံးကြဲ၊ ပစ်ခတ်လို့ နေအိမ်တစ်လုံး ပျက်စီးကာ ရွာခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ကနီမြို့ပေါ် အယောင်ပြ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ ရဟတ်ယာဉ်နဲ့ အင်အား လာဖြည့်တဲ့ စစ်အုပ်စုက ဂျိုင်အိုကော်ပတာတွေနဲ့ ဝန်းရံလိုက်ပါလာပြီးနောက် မြို့အနီးရှိ ရှမ်းမြောင်းကျေးရွာကို အကြောင်းမဲ့ ဗုံးကြဲတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လူတော့ အထိအခိုက် မရှိဘူး၊ ၁၅ရက်နေ့ကလည်း တိုက်ခိုက်ခံထားရတော့ ဗုံးခိုကျင်းတွေထဲ ပုန်းနေကြလို့ ကံကောင်းသွားတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
တိုက်ပွဲမရှိဘဲ စစ်အုပ်စုက ရွာတွေပေါ် ဗုံးကြဲလေ့ရှိလို့ ဂျိုင်အိုကော်ပရာ၊ ပါရာမော်တာ (Paramotor – စက်တပ်လေထီး)နဲ့ ဂျက်ဖိုက်တာ – တိုက်လေယာဉ် အသံတွေ ကြားရတိုင်း ဒေသခံပြည်သူတွေ ထိတ်လန့် ကြောက်ရွံ့ကာ ဗုံးခိုကျင်းထဲ ဝင်ပုန်းနေကြရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၅ရက် မွန်းလွဲပိုင်းကလည်း အဲ့ဒီ ရှမ်းမြောင်းကျေးရွာကို စစ်အုပ်စုက ဂျိုင်အိုကော်ပရာ နှစ်စီး၊ ကနီမြို့ပေါ်ကနေ လွှတ်တင်လိုက်တဲ့ ဒရုန်းတွေနဲ့ ဗုံးကြဲလို့ သံဃာတော်နှစ်ပါး ဒဏ်ရာရပြီး ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်းနဲ့ သာသနိက အဆောက်အအုံတွေ ပျက်စီးခဲ့ပါသေးတယ်။
လာမယ့် ဇန်နဝါရီ ၂၅ရက်မှာ ကနီမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ အာဏာသိမ်း စစ်အုပ်စုက ကြေညာထားပြီး ကနီနယ်ထဲက မြို့ပေါ်ရပ်ကွက်မှာ ရွေးကောက်ပွဲ လုပ်မှာဖြစ်ကာ အဲ့ဒီအတွက် စစ်အုပ်စုက ကြိုတင် ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ကနီမြို့ပေါ် ရွေးကောက်ပွဲ လုပ်နိုင်ရေး မြို့ပေါ် သေနတ်ပစ်ဖောက် ကင်းပတ်တာ၊ ကျေးရွာတွေအပေါ် ဒရုန်းတွေ ပျံဝဲတာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေပြီး ဒေသခံပြည်သူတွေကို အကြောက်တရားသွင်းနေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ကနီနယ် အပါအဝင် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူ နေထိုင်ရာ မြို့၊ရွာ၊ ရပ်ကွက်တွေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရား၊စေတီ၊ သာသနိက အဆောက်အအုံတွေကို ထင်တိုင်းကျဲ ဗုံးကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲမှု ၁၁၉ ကြိမ် ကျူးလွန်ခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်း ထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်အထိ မှတ်တမ်းတင်ထားနိုင်တဲ့ အချက်အလက်တွေအရ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၄,၄၉၈ ကြိမ် ကျူးလွန်ခဲ့ရာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆၃၀ ကျော် အပါအဝင် လူ ၄,၆၈၀ ကျော် သေဆုံးခဲ့ပြီး စာသင်ကျောင်း ၄၃၂ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄၄ ခုနဲ့ ဘုရား၊စေတီ၊ ဘာသာရေးအဆောက်အအုံ ၆၅၀ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။
ကနီမြို့နယ် ရှမ်းမြောင်းကျေးရွာကို စစ်အုပ်စုက ဗုံးကြဲလို့ နေအိမ် ပျက်စီးစဉ်/Photo – Pyae Aung Naing
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



