မကွေးသတင်းအညာမြေ တော်လှန်ရေး

​ယောဒေသ ကျောက်ထုနယ်ကို စစ်အုပ်စု ဗုံးကြဲလို့ စစ်ဘေးရှောင် တစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရ၊

သုထက်/MFP၊ ဇန်နဝါရီ – ၂၀

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ လယ်အိုင်ကြီးကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး အာဏာသိမ်း စစ်အုပ်စုက Jet Fighter – တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူ တစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရပြီး အိုးအိမ်တွေလည်း ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၂၀ရက် ဒီကနေ့ ညနေ ၄ နာရီကျော်မှာ မကွေးမြို့က တက်လာတဲ့ တိုက်လေယာဉ်နဲ့ လယ်ကြီးအိုင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နေအိမ်ကို ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

ဗုံးထိမှန်လို့ အသက် ၆၂ အရွယ် အဖိုးအိုတစ်ဦး သေဆုံးကာ အသက် ၄၀ ကျော်ကနေ ၆၀ ကျော်ကြားအရွယ် အမျိုးသား လေးဦး ဒဏ်ရာရတယ်လို့ ယောဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက MFP ကို ပြောပါတယ်။

“လေကြောင်းက နှစ်နေရာပစ်တာ၊ ရွာထဲ ကားလမ်းပေါ် တစ်လုံး၊ ရွာနား ကားလမ်းမဘေး နှစ်လုံးကျတာ။ နေအိမ်နှစ်လုံးလည်း ပျက်စီးတယ်။ ထိခိုက်သေဆုံးသူတွေ အားလုံး စစ်ရှောင်တွေပဲ၊ အရပ်သား ပြည်သူတွေ ပစ်မှတ်ထားနေတာ အတော်ဆိုးတယ်”

စစ်အုပ်စုက စစ်ဘေးရှောင်ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ထုမြို့ရှိ စစ်အုပ်စုရဲ့ အမတ ၃၆၈ ခေါ် အမှတ် ၃၆၈ အမြောက်တပ်က အနီးဝန်းကျင် ကျေးရွာတွေကို နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ကျောက်ထုတိုက်နယ် ကျေးရွာတွေရှိ ပြည်သူတွေဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက လက်နက်ကြီး အန္တရာယ်က ကင်းလွတ်မယ်ထင်တဲ့ နေရာတွေဆီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို့ လက်နက်ကြီး အန္တရာယ်က ကင်းလွတ်ဖို့ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို စစ်အုပ်စုက ဗုံးလိုက်ကြဲနေတာ ဖြစ်ပြီး ဒီကနေ့ ဗုံးကြဲခံရလို့ သေဆုံး၊ ဒဏ်ရာရသူတွေဟာ စစ်ဘေးရှောင်နေရတာ လေးနှစ်ကျော်ကြာပြီလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျောက်ထု အမတ ၃၆၈ ကြောင့် ရှောင်တိမ်းနေရတဲ့ စစ်ရှောင်တွေပါ။ စစ်ရှောင်ရတာ လေးနှစ်ကျော်ပြီ”

စစ်အုပ်စုဟာ ဒီကနေ့ ဗုံးမကြဲမီ မနက်ပိုင်းက ကျောက်ထု၊ ဆောနဲ့ မင်းတပ်နယ်တွေမှာ UAV ကင်းထောက်ဒရုန်း၊ ATR 47 ကင်းထောက်လေယာဉ်တွေနဲ့ ပျံဝဲခဲ့ပြီးနောက် ညနေပိုင်းမှာ အခုလို ကျောက်ထုနယ်ကို ဗုံးကြဲတာ ဖြစ်သလို မင်းတပ်နယ်ကိုလည်း ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

ယောနယ်အတွင်း စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ဗုံးပတ်ကြဲနေလို့ အများပြည်သူ အနေနဲ့ လေကြောင်းအန္တရာယ်ကို ပိုမို ဂရုစိုက်ကြဖို့ ဒေသခံ မြေပြင်ကင်းထောက် ယောအလင်းတန်း ပြန်ကြားရေးအဖွဲ့ကလည်း အသိပေး ကြေညာချက် ထုတ်ပြန်ထားပါသည်။

ယောဒေသ ကျောက်ထုတိုက်နယ် လယ်ကြီးအိုင်ရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်သေဆုံးသူနဲ့ အပျက်အစီးတွေကို တွေ့ရစဉ်/Photo – ယောအလင်းတန်း၊ ယောညီနောင်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button