မကွေးသတင်း

စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ရေစကြိုဒေသခံ ခြောက်ထောင်ခန့် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်းက ဇီးတောရွာပျူစောထီးစခန်းကနေ စစ်အုပ်စုနဲ့ပျူစောထီးခန့်မှန်းအင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူခြောက်ထောင်ခန့် စစ်ဘေးရှောင်နေကြရပြိး အမိုးအကာနဲ့စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

စစ်အုပ်စုစစ်ကြောင်းဟာ သဲပုံကျေးရွာအနီးကို ရောက်ရှိနေတာကြောင့် ရွာထောင်ကျေးရွာ၊ ကြက်ဆူကျင်းကျေးရွာ၊ လက်ပံပင်ကျေးရွာလေးရွာနဲ့ အနီးအနားကကျေးရွာ‌က ဒေသခံပြည်သူ ခြောက်ထောင်ခန့် စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ နွေဦးသစ္စာဆေးအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ညနေတွေမှာ တောထဲထွက်ပြီးအိပ်ရတော့ ဖြစ်သလိုအိပ်ကြရပါတယ်ဗျ။ အခုလက်ရှိကတော့ အရင်နေခဲ့တဲ့ တဲတွေက စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားတော့ အခုချိန်မှာ အမိုးအကာတွေလိုနေပါတယ်ဗျာ၊ စစ်ကြောင်းရောက်နေတဲ့ကျေးရွာ အနီးအနားကရွာတွေကရှောင်ရတယ် အဲ့လိုရှောင်ရတော့ အချိန်ကာလ ဘယ်ရက်ရှိပြီဆိုတာတော့ ပြောဖို့ခက်တယ်ဗျ”

တစ်ဆက်ထဲမှာပဲ ရေစကြိုမြို့နယ်နဲ့ မြင်းခြံနယ်အစပ်က ကျေးရွာတွေကိုလည်း စစ်အုပ်စုစစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သူက ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေက ကျေးရွာတွေအနီးက တောတိုက်တွေမှာပဲ ဖြစ်သလို နေထိုင်နေကြရတာကြောင့် ရာသီဥတုအခြေအနေအရ အမိုးအကာနဲ့စောင်တွေ အရေးပေါ်

လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ရေစကြိုမြို့အထိုင်တပ်တွေဖြစ်တဲ့ ခလရ -၂၅၆၊၂၅၇၊၂၅၈ ကနေ စစ်အုပ်စုခန့်မှန်းအင်အား ၁၂၀ ခန့်ပါစစ်ကြောင်းက ရေစကြိုမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုး မွှေနှောက်သွားတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဒါ့အပြင် ဆင်ချောင်းပျူစောထီးစခန်းက ပျူစောထီးခေါင်းဆောင် လင်းထင်(ခ)ငလင်းကိုလည်း ဇန်နဝါရီလ ၁၆ ရက်နေ့က တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ရာမှာ သေဆုံးသွားတာကြောင့် ရေစကြို-ပခုက္ကူလမ်းပိုင်းကို စစ်ဆေးရေးတွေ လုပ်လာနိုင်တဲ့အတွက် သတိထားနေထိုင်ကြဖို့ တော််လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

ဓာတ်ပုံ-ပေးပို့၊ စစ်ကြောင်းတွေကြောင့် ရေစကြိုဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

Related Articles

Back to top button