စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဆားလင်းကြီးနယ် ရွေးကောက်ပွဲ တရုတ်ကြေးနီစီမံကိန်း တစ်နေရာတည်းသာ မဲပုံးထောင်နိုင်မည်၊

ယန်စီကုမ္ပဏီအတွင်း မဲပုံးထောင်ဖို့ စစ်အုပ်စုက အင်အားဖြည့်၊ လက်နက်ကြီးထုနေ၊

သုထက်/MFP၊ ဇန်နဝါရီ – ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ အာဏာသိမ်း စစ်အုပ်စုက ကြေညာထားပေမယ့် နယ်မြေမစိုးနိုင်လို့ မြို့ပေါ်ရပ်ကွက်တွေမှာပင် မဲရုံမရှိဘဲ တရုတ်ကြေးနီစီမံကိန်း တစ်နေရာတည်းမှာသာ မဲပုံးထောင်နိုင်မယ်လို့ သတင်းရရှိပါတယ်။

ဆားလင်းကြီးနယ်မှာ မြို့ပေါ် ရပ်ကွက် သုံးရပ်နဲ့ ကျေးရွာအုပ်စု ၃၉ခု၊ စုစုပေါင်း ရပ်ကွက်၊ကျေးရွာအုပ်စု ၄၂ ခု ရှိတဲ့အနက် ၄၁ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ဆားလင်းကြီးနယ်၊ ဒုံးတောကျေးရွာအုပ်စုအတွင်းရှိ တရုတ် ကြေးနီစီမံကိန်း ဝန်ထမ်းတွေ နေထိုင်ရာ မိုင်းမြို့ခေါ် ကြေးနီမိုင်းဝန်ထမ်းတွေ နေထိုင်ရာ တစ်နေရာတည်းမှာသာ ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

“လတ်တလောသတင်းက စစ်သားအင်အား ၁၀၀ နီးပါးနဲ့အတူ ရွေးကောက်ခံမဲ့ ကိုယ်စားလယ်တွေ ပါတယ်။ သူတို့ကို မိုင်းမြို့အတွင်းမှာပဲ ထားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကိုပြောပါတယ်။

မိုင်းမြို့ စာသင်ကျောင်းအတွင်း စစ်အုပ်စု လက်နက်ကိုင်နဲ့ တရုတ်ကြေးနီစီမံကိန်း ဝန်ထမ်းတွေ လွန်ခဲ့တဲ့ နှစ်ရက်ခန့်ကတည်းက သန့်ရှင်းရေးလုပ်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ ဒုံးတောကျေးရွာအုပ်စု၊ မိုင်းမြို့မှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ ဇန်နဝါရီ ၂၀ရက် မနက်ပိုင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ သံပြားကာကား နှစ်စီး၊ အိမ်စီးကား နှစ်စီးနဲ့ အင်အားဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။

ယန်စီကုမ္မဏီအတွင်းမှာ စစ်အုပ်စု လက်နက်ကိုင် အင်အား ၂၀၀ နီးပါး ရှိပြီး ထပ်တိုး ရောက်လာသူတွေကြောင့် အင်အား ၃၀၀ ခန့် ရှိနေနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းပါတယ်။

ဇန်နဝါရီ ၂၁ရက် ဒီမနက်ပိုင်းမှာလည်း မုံရွာ နမခက ထွက်လာတဲ့ သံပြားကာကား ခြောက်စီး၊ Double Cab တစ်စီးနဲ့ စစ်အုပ်စု အင်အား ၂၀၀ ခန့် တရုတ်ပိုင် မြန်မာဝမ်ပေါင်ကုမ္မဏီ ကြေးနီစီမံကိန်းထဲ ဝင်ရောက်သွားပြီး အဲ့ဒီကနေတဆင့် ယန်စီကုမ္မဏီအတွင်း ထပ်မံ အင်အားဖြည့်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

“ထူးခြားမှုက မိုင်းမြို့တွင်း နေထိုင်တဲ့သူတွေကို နောက်ရက်တွေ အသွားအလာ ကန့်သတ်ပိတ်ပင်တာတွေ လုပ်မယ်လို့ ကြားတယ်၊ အခုလည်း စစ်သား၊ ရဲသားတွေ ကုမ္မဏီနဲ့ မိုင်းမြို့အတွင်း ခြေရှုပ်နေတယ်” လို့ အထက်ပါ ဒေသခံအမျိုးသားက ထပ်မံ ပြောပါတယ်။

ဆားလင်းကြီးနယ်ထဲ တရုတ်ပိုင် ယန်စီနဲ့ ဝမ်ပေါင်ကုမ္ပဏီ ကြေးနီစက်ရုံ နှစ်ခုရှိပြီး ယခင်က ဝမ်ပေါင်ကုမ္ပဏီထဲမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ ယန်စီကုမ္ပဏီရဲ့ မိုင်းမြို့မှာသာ မဲပုံးထောင်ဖွယ်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ လဆန်းကစလို့ ကြေးနီတူးဖော်တဲ့ လုပ်ငန်းတွေ ရပ်နားထားပြီး ဝန်ထမ်းတချို့ကိုလည်း အိမ်ပြန်ခွင့်ပေးထားတယ်လို့ ကြေးနီစီမံကိန်း သတ္ထုတွင်းလုပ်သား ဖြစ်ခဲ့ဖူးတဲ့ CDM ဝန်ထမ်းတစ်ဦးက MFP ကို ပြောပါတယ်။

“ယန်စီက အလုပ် မနားဘူး၊ ဝမ်ပေါင်က အလုပ်နားတယ်၊ ဝန်ထမ်းတွေ ပြန်လွှတ်တာတွေ ရှိတယ်၊ ဒါကိုကြည့်ရင် ဝမ်ပေါင်မှာ မဲပုံးမထောင်ဘဲ ယန်စီမှာပဲ လုပ်မယ့် အခြေနေရှိတယ်”

ကုန်ကြမ်းပြတ်လပ်မှုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အကြောင်းပြကာ လက်ပံတောင်းတောင်ကို ဖြိုကာ ကြေးနီတူးနေတဲ့ ဝမ်ပေါင်ကုမ္မဏီနဲ့ ဝမ်ပေါင်စီမံကိန်းဧရိယာထဲရှိ စီနိုဟိုက်ဒရို ကုမ္မဏီနဲ့ တခြား ကန်ထရိုက် ကုမ္မဏီတွေ လုပ်ငန်းရပ်နားထားကာ ဝန်ထမ်းတွေကိုလည်း မိမိဆန္ဒအရ နေရပ်ပြန်ခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ယန်စီကုမ္ပဏီကတော့ လုပ်ငန်းမရပ်နားသလို ဝန်ထမ်းတွေကိုလည်း နေရပ်ပြန်ခွင့်မပေးဘဲ ဆက်လက် လည်ပတ်နေတာ ဖြစ်ပြီး ယခုလို စစ်အုပ်စု ရွေးကောက်ပွဲကို ယန်စီကုမ္မဏီ မိုင်းမြို့မှာ မဲပုံးထောင်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယန်စီကုမ္မဏီအတွင်း စစ်အုပ်စု အင်အားဖြည့်ပြီးနောက် ဇန်နဝါရီ ၂၀ရက် မနေ့က ညနေပိုင်း အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး ထုလို့ ဝါးတန်းကျေးရွာအတွင်း လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲကာ ရွာခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၁ရက်ကလည်း ယန်စီကုမ္မဏီ လုံခြုံရေး စစ်အုပ်စုက ဝါးတန်းကျေးရွာကို စီးနင်းကာ လက်နက်ကြီး ပစ်ခတ်လို့ ကြေးနီစီမံကိန်း CDM ဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုက တရုတ်ကြေးနီစီမံကိန်းဧရိယာထဲ မဲပုံးထောင်ကာ ရွေးကောက်ပွဲ လုပ်ဖို့ အင်အားဖြည့် ပြင်ဆင်နေသလို လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ကျူးလွန်နိုင်လို့ ဒေသခံပြည်သူတွေ သတိထားနေထိုင်ကြဖို့ ဒေသခံအချင်းချင်း သတိပေးထားပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ဆားလင်းကြီးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၂ ခုအနက် လူဦးရေစုစုပေါင်း ၁၂၁,၈၀၈ ဦး ရှိပါတယ်။ လက်ရှိမှာ စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်မယ့် ဆားလင်းကြီးနယ်၊ ဒုံးတောကျေးရွာအုပ်စုအတွင်း မိုင်းမြို့၊ ဒုံးတောနဲ့ ဂုဏ်တော ဆိုတဲ့ ကျေးရွာ သုံးရွာ ပါဝင်ကာ လူဦးရေ ၆၄၆၇ ဦး ရှိပါတယ်။ ယန်စီကြေးနီကုမ္ပဏီပိုင် မိုင်းမြို့မှာ လူဦးရေ ၁၂၀၀ ဝန်းကျင်သာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒုံးတောရွာဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်စုရဲ့ ပထမဆုံးအကြိမ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ကျေးရွာဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက ဒုံးတောရွာခံ ၁၁ဦးကို ဖမ်းဆီး၊မီးရှို့၊သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးနဲ့ ကနီမြို့နယ် နှစ်ခုမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပြီး ကနီနယ်မှာ မြို့ပေါ်ရပ်ကွက်တွေမှာသာ မဲပုံးထောင်နိုင်ကာ နယ်မြေမစိုးမိုးလို့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စုက ဆိုပါတယ်။

ဆားလင်းကြီးနယ်ထဲ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ယန်စီကုမ္ပဏီ/Photo – ဝမ်ပေါင်ကုမ္ပဏီ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button