နန်းယု/MFP၊ ဇန်နဝါရီ – ၂၂
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၂,၃၂၆ ဦး သေဆုံးခဲ့ပြီး ၄,၁၄၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေအနေနဲ့ ၂၀၂၅ ခုနှစ်တစ်နှစ်လုံးမှာ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းနဲ့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်တဲ့ဒေသတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာ စုစုပေါင်း ၈,၈၂၁ ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်လို့ အရပ်သား သေဆုံးမှုတွေကတော့ ဇန်နဝါရီလမှာ ၁၈၅ဦး၊ဖော်ဝါရီ လမှာ ၁၆၂ဦး၊ မတ်လမှာ ၁၇၆ဦး၊ ဧပြီလမှာ ၁၅၀ဦး၊ မေလမှာ ၂၅၀ ဦး၊ ဇွန်လမှာ ၁၀၀ဦး ၊ ဇူလိုင်လမှာ ၁၇၉ဦး ၊ ဩဂုတ်လမှာ ၂၇၂ဦး၊ စက်တင်ဘာလမှာ ၁၄၇ဦး၊ အောက်တိုဘာလမှာ ၂၈၁ဦး၊ နိုဝင်ဘာလမှာ ၁၈၈ဦးနဲ့ ဒီဇင်ဘာလမှာ ၂၃၆ဦးတို့ ဖြစ်ပါတယ်။
ဒါ့အပြင် လေကြောင်း တိုက်ခိုက်ခံရတဲ့ အကြိမ်ရေအတွက်ကို လအလိုက် ကြည့်မယ်ဆိုရင် ဇန်နဝါရီ လမှာ ၃၈၅ကြိမ် ၊ဖော်ဝါရီ လမှာ ၅၀၆ကြိမ်၊ မတ်လမှာ ၅၃၂ကြိမ် ၊ ဧပြီလမှာ ၅၈၁ကြိမ် ၊ မေလမှာ ၇၆၅ကြိမ်၊ ဇွန်လမှာ ၇၇၁ကြိမ် ၊ ဇူလိုင်လမှာ ၅၆၄ကြိမ်၊ ဩဂုတ်လမှာ ၇၃၇ကြိမ်၊ စက်တင်ဘာလမှာ ၈၂၈ကြိမ်၊ အောက်တိုဘာလမှာ ၁၃၄၇ကြိမ်၊ နိုဝင်ဘာလမှာ ၇၉၆ကြိမ်နဲ့ ဒီဇင်ဘာလမှာ ၁၀၁၄ကြိမ်တို့ ဖြစ်ပါတယ်။
တစ်ဆက်ထဲမှာပဲ၂၀၂၅ ခုနှစ်တစ်နှစ်အတွင်း နေအိမ် ၃,၅၇၆ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အဦး ၁၀၂လုံး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦး ၃၆လုံးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၉၀ လုံးအထိ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
စစ်အုပ်စုတပ်ဟာ အာဏာဆက်လက်တည်မြဲရေးအတွက် ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ကာလတွေမှာ မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကို ပိုတိုးလုပ်လာတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက ပြောဆိုထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



