စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဆားလင်းကြီးနယ် တရုတ်ကြေးနီစီမံကိန်းအနီး စစ်အုပ်စု ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊

ယန်စီဝင်းထဲ မဲရုံဖွင့်ဖို့ ပြင်နေတဲ့ စစ်အုပ်စုက ဝမ်ပေါင်အနီး ရွာတွေကို စစ်ကြောင်းထိုးတာဖြစ်၊

သုထက်/MFP၊ ဇန်နဝါရီ – ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ပိုင် မြန်မာဝမ်ပေါင် ကြေးနီစီမံကိန်းအနီး ကျေးရွာတွေကို မနေ့က မွန်းလွဲပိုင်းက စတင်ကာ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင် အင်အား ၈၀ လောက်နဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးလို့ ရွာခံပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တရုတ်ပိုင် ဝမ်ပေါင်ကုမ္မဏီကို လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုဟာ ဇန်နဝါရီ ၂၁ရက် မနေ့က မွန်းလွဲ ၂နာရီလောက်က စတင်ကာ စက်ရုံထဲက ထွက်လာပြီးနောက် အနီးဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။

တရုတ်ကြေးနီစက်ရုံထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ မနေ့က ညပိုင်း ဖောင်းကားတောင်ရွာကို စီးနင်းကာ ဘုန်းကြီးကျောင်းအတွင်း ညအိပ်တပ်စွဲပြီးနောက် ဒီမနက်ပိုင်း ဖောင်းကားမြောက်ရွာနဲ့ မိုးကြိုးပြင်မြောက်ရွာတွေကို စီးနင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က နမခကနေ အင်အားဖြည့်တယ်၊ အဲ့ဒီ အင်အားနဲ့ စစ်ကြောင်းထိုးတာ ဖြစ်နိုင်တယ်။ စစ်ကြောင်း နှစ်ကြောင်းပေါင်းရင် ၁၈၀ခန့် ရှိမှာ” လို့ စစ်အုပ်စု ရန်ကြောင့် အသက်လု ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ဆားလင်းကြီးနယ်ထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပေမယ့် နယ်မြေစိုးမိုးနိုင်မှု မရှိတာကြောင့် ဆားလင်းကြီးမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် တနယ်လုံးရှိ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၄၂ ခုအနက် ၄၁ ခုမှာ မဲပုံးမထောင်နိုင်ဘဲ ဖြစ်နေပါတယ်။ စစ်အုပ်စုအနေနဲ့ ဆားလင်းကြီးတနယ်လုံးမှာ တစ်နေရာတည်းသာ မဲပုံးထောင်နိုင်မှာ ဖြစ်ပြီး အဲ့ဒီ နေရာဟာ တရုတ်ပိုင် မြန်မာယန်စီကြေးနီစီမံကိန်း ဝန်ထမ်းတွေ နေထိုင်တဲ့ ဒုံးတောကျေးရွာအုပ်စုရှိ မိုင်းမြို့မှာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီ တရုတ်ကုမ္ပဏီပိုင် မိုင်းမြို့ထဲမှာ မဲပုံးထောင်နိုင်ဖို့ ပြင်ဆင်နေပြီး လက်နက်ကိုင် အင်းအား အများအပြား ဖြည့်တင်းနေသလို ယခုလို တရုတ်ကြေးနီစီမံကိန်း အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်ကြေးနီစီမံကိန်းတွေထဲကနေ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့လည်း ရမ်းကား ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အတုအယောင် ရွေးကောက်ပွဲက ယန်စီပိုင် မိုင်းမြို့ စာသင်ကြောင်းထဲမှာ လုပ်မှာမို့ ကုမ္မဏီ ဝန်းကျင် ရွာတွေကို စစ်ကြောင်းထိုးတဲ့ သဘောပဲ၊ ကာကွယ်ရေးတပ်တွေ လက်နက်ကြီးထုမှာလည်း ဒီကောင်တွေ ကြောက်နေကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆားလင်းကြီးနယ်၊ တရုတ်ကြေးနီစီမံကိန်းအနီး စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေလို့ ဖောင်းကားတောင်ရွာ၊ အလယ်ရွာနဲ့ မြောက်ရွာ၊ မိုးကြိုးပြင် တောင်ရွာ၊ အလယ်ရွာနဲ့ မြောက်ရွာ၊ ဝါးတန်း၊ တယ်ပင်ကန် စတဲ့ ကျေးရွာတွေက ပြည်သူ ၁၀,၀၀၀ ဝန်းကျင် အရေးပေါ် စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေသလို ဖောင်းကားမြောက်ရွာ စာသင်ကျောင်းနဲ့ ဘုရားကုန်းပေါ်မှာလည်း စစ်အုပ်စု တပ်စွဲနေရာယူထားတာ တွေ့ရတယ် ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးနယ် တရုတ်ကြေးနီ စီမံကိန်းတွေနဲ့ ပြီးခဲ့တဲ့ လပိုင်းက စစ်အုပ်စု စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို တွေ့ရစဉ်/Photo – ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button