ကနီမြို့ပေါ် ရွေးကောက်ပွဲ လုပ်မဲ့ စစ်အုပ်စုက ရွာတွေကို တစ်နေ့တည်း ကိုးကြိမ် ဗုံးကြဲ၊
ပြည်သူအမျိုးသမီးတစ်ဦး သေဆုံး၊ ဒဏ်ရာရသူတွေရှိကာ အိုးအိမ်တွေ ပျက်စီး၊
သုထက်/MFP၊ ဇန်နဝါရီ – ၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ပေါ် အယောင်ပြ ရွေးကောက်ပွဲ လုပ်ဖို့ ပြင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုက မြို့အနီးဝန်းကျင် ကျေးရွာတွေကို ဗုံးပတ်ကြဲနေပြီး ဒီကနေ့ ကိုးကြိမ်အထိ ဗုံးကြဲလို့ ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၂၂ရက် ဒီကနေ့ မနက် ၅နာရီခွဲကနေ ည၉နာရီကျော်ချိန်အထိ စစ်အုပ်စုက ကနီမြို့အနီး ကျေးရွာတွေရှိ ပြည်သူတွေကို ပစ်မှတ်ထားကာ ပါရာမော်တာ (Paramotor- စက်တပ်လေထီး)၊ ဂျိုင်အိုကော်ပရာ (Gyrocopter – ရဟတ်ယာဉ်ငယ်) တွေနဲ့ မနားတမ်း ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“မနက်မိုးမလင်းခင် ကတည်းက ညအထိ လေကြောင်းတိုက်ခိုက်နေတာ၊ ကနီမြို့ပေါ်ကို ရွေးကောက်ပွဲ လုပ်ချင်လို့ အခုလို လုပ်နေတာ၊ တိုက်ပွဲမရှိဘဲ အလွတ် လာပစ်နေတာ” လို့ ကနီနယ်ထဲ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
ကနီမြို့အနီးရှိ ရှမ်းမြောင်းရွာ၊ တန့်ဆည်ချောင်ရွာနဲ့ စိန်ကုန်းရွာတွေကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာ၊ ဂျိုင်အိုကော်ပရာတွေနဲ့ ဗုံးပတ်ကြဲတာလို့ ဆိုပါတယ်။
ဗုံးထိမှန်လို့ စိန်ကုန်းရွာခံ အသက် ၄၀အရွယ် ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးကာ အသက် ၈၀ ကျော်အရွယ် အဖွားအိုတစ်ဦးလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲ့ဒီ ဗုံးကြဲခံရတဲ့ ကျေးရွာတွေက အိုးအိမ်တွေ ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက ကျေးရွာတွေပေါ် မကြာခဏ ဗုံးပတ်ကြဲနေတာ ဖြစ်ပြီး ဒေသခံပြည်သူတွေ အနေနဲ့ အချိန်မီ ရှောင်တိမ်းနိုင်လို့ လူသူ ထိခိုက်သေဆုံးမှု နည်းပါးတာ ဖြစ်ပြီး ပြည်သူတွေမှာ အင်ဂျင်သံကြားရင်ကို ထိတ်လန့်ကြောက်ရွံ့နေကြကာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၀ရက်နဲ့ ၁၅ရက်ကလည်း ကနီမြို့အနီးရှိ ရှမ်းမြောင်းကျေးရွာကို စစ်အုပ်စုက ဂျိုင်အိုကော်ပရာ ဗုံးကြဲခဲ့ရာ သံဃာတော်နှစ်ပါး ဒဏ်ရာရပြီး ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်း၊ သာသနိက အဆောက်အအုံနဲ့ အိုးအိမ်တွေ ပျက်စီးခဲ့ပါသေးတယ်။
စစ်အုပ်စုဟာ ကနီမြို့ပေါ် အယောင်ပြ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ ရဟတ်ယာဉ်နဲ့ အင်အား ဖြည့်နေပြီး ကျေးရွာကိုတော့ အကြောင်းမဲ့ ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။
လာမယ့် ဇန်နဝါရီ ၂၅ရက်မှာ ကနီမြို့နယ်ထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ အာဏာသိမ်း စစ်အုပ်စုက ကြေညာထားပြီး ကျေးရွာတွေမှာ မလုပ်နိုင်ဘဲ ကနီမြို့ပေါ်ရပ်ကွက်မှာသာ မဲပုံးထောင်နိုင်မယ်လို့ စစ်အုပ်စုက ကြေညာထားပါတယ်။
စစ်အုပ်စုဟာ ကနီနယ် အပါအဝင် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူ နေထိုင်ရာ မြို့၊ရွာ၊ ရပ်ကွက်တွေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရား၊စေတီ၊ သာသနိက အဆောက်အအုံတွေကို ထင်တိုင်းကျဲ ဗုံးကြဲနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲမှု ၁၁၉ ကြိမ် ကျူးလွန်ခဲ့ရာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် ၁၇၆ ဦး သေဆုံးပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ CDM စစ်ဗိုလ်တွေ ဦးဆောင် ဖွဲ့စည်း ထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်အထိ မှတ်တမ်းတင်ထားနိုင်တဲ့ အချက်အလက်တွေအရ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၄,၄၉၈ ကြိမ် ကျူးလွန်ခဲ့ရာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆၃၀ ကျော် အပါအဝင် လူ ၄,၆၈၀ ကျော် သေဆုံးခဲ့ပြီး စာသင်ကျောင်း ၄၃၂ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄၄ ခုနဲ့ ဘုရား၊စေတီ၊ ဘာသာရေးအဆောက်အအုံ ၆၅၀ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။
ကနီနယ် ရှမ်းမြောင်းရွာကို အာဏာသိမ်း စစ်အုပ်စုက ဗုံးကြဲလို့ ဘုန်းကြီးကျောင်း ပျက်စီးစဉ်/ Photo – Pyae Aung Naing
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



