တရုတ်ကြေးနီစီမံကိန်းထဲ ရွေးကောက်ပွဲ လုပ်မဲ့ စစ်အုပ်စုက အနီးဝန်းကျင် ရွာတွေကို ဆက်လက် စစ်ကြောင်းထိုး၊ လက်နက်ကြီး ထုနေ၊ ကျေးရွာ ရှစ်ရွာ ထွက်ပြေးနေရ၊

သုထက်/MFP၊ ဇန်နဝါရီ – ၂၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောရွာအနီးရှိ တရုတ်ပိုင် မြန်မာယန်စီ ကြေးနီစီမံကိန်းထဲ အယောင်ပြ ရွေးကောက်ပွဲ လုပ်မဲ့ အာဏာသိမ်း စစ်အုပ်စုက အနီးဝန်းကျင် ကျေးရွာတွေကို သုံးရက်ဆက် စစ်ကြောင်းထိုး၊ လက်နက်ကြီး ထုလို့ ကျေးရွာ ရှစ်ရွာ စစ်ဘေးရှောင် ထွက်ပြေးနေရတယ် ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဆားလင်းကြီးနယ်ရှိ စပယ်တောင်နဲ့ ကြေးစင်တောင်တွေကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ယန်စီကုမ္ပဏီ အနီးဝန်းကျင် ကျေးရွာတွေကို ဇန်နဝါရီ ၂၁ရက်က စတင်ကာ စစ်အုပ်စုက စစ်ကြောင်းထိုး၊ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဇန်နဝါရီ ၂၂ရက် မနေ့က ညသန်းခေါင် အချိန် ယန်စီကြေးနီစီမံကိန်းရဲ့ အနောက်ဘက်ရှိ တယ်ပင်ကန်ရွာကို ဝင်ရောက်စီးနင်းကာ ဘုန်းကြီးကျောင်းထဲ တပ်စွဲနေရာယူထားသလို ဒီကနေ့ မနက် ၆နာရီမှာ ယန်စီကြေးနီစီမံကိန်းရဲ့ အရှေ့ဘက် ကံကုန်းရွာကို စီးနင်းတာ၊ ပုသိမ် – မုံရွာ လမ်းပေါ် တက်ပြီး ခရီးသွားကားတွေကို လက်နက်ပြ မိုက်ကြေးခွဲ၊ အော်ဟစ်ဆဲဆိုတာတွေ လုပ်နေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“အင်အားက အများကြီး တိုးထားတော့ မြေပြင်စစ်ကြောင်း ကင်းလှည့်တယ်၊ နောက်ပြီး နှစ်နေရာ တပ်စွဲ ထားတယ်”
ယန်စီနဲ့ ဝမ်ပေါင် စီမံကိန်းထဲကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာလည်း သုံးရက်ရှိပြီလို့ ဆိုပါတယ်။
“လက်နက်ကြီးတွေက နေ့ရောညပါ ထုနေတာ။ ညကဆို ရာဇကျော်ရွာ သနပ်ခါးခြံထဲ ကျတယ်၊ အထိအခိုက် မရှိပေမယ့် ရွာခံတွေ ထွက်ပြေးကြရတယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
ဇန်နဝါရီ ၂၁ရက်ကတည်းက တရုတ်ပိုင် မြန်မာယန်စီနဲ့ မြန်မာဝမ်ပေါင် ကြေးနီစီမံကိန်းတွေအနီး ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုဟာ ဖောင်းကားတောင်ရွာ၊ ဖောင်းကားမြောက်ရွာနဲ့ မိုးကြိုးပြင် မြောက်ရွာ တွေကို စီးနင်းခဲ့ပြီး မနေ့က ညပိုင်းနဲ့ ဒီမနက်ပိုင်းမှာ တယ်ပင်ကန်နဲ့ ကံကုန်းရွာတွေကို ဆက်လက် စီးနင်းဝင်မွှေနေတာလို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ဖောင်းကားတောင်ရွာ၊ အလယ်ရွာနဲ့ မြောက်ရွာ၊ မိုးကြိုးပြင် တောင်ရွာ၊ အလယ်ရွာနဲ့ မြောက်ရွာ၊ ဝါးတန်း၊ တယ်ပင်ကန်နဲ့ ရာဇာကျော် စတဲ့ ကျေးရွာတွေက ပြည်သူ ၁၀,၀၀၀ ဝန်းကျင် အရေးပေါ် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးသလို လမ်းပေါ်တက်ပြီးတော့ပါ ခရီးသွားတွေကို ရန်ပြုနေတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ လတ်တလောမှာ ပုသိမ် – မုံရွာလမ်းပိုင်းနဲ့ ညောင်ပင်ကြီး – ယင်းမာပင်လမ်းပိုင်းတွေကို အသုံးမပြုဘဲ ရှောင်ရှားကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က အသိပေး ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်နဲ့ ကျေးရွာ အုပ်စု ၃၉ ခုရှိတဲ့အနက် အာဏာသိမ်း စစ်အုပ်စု အနေနဲ့ နယ်မြေမစိုးမိုးနိုင်တာကြောင့် မြို့ပေါ် ရပ်ကွက်သုံးရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၈ ခုမှာ မဲပုံး မထောင်နိုင်ဘဲ တရုတ်ပိုင် ယန်စီကုမ္ပဏီဝန်းထမ်းတွေ နေထိုင်ရာ ဒုံးတောကျေးရွာအုပ်စုရှိ မိုင်းမြို့မှာသာ မဲပုံးထောင်းကာ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပါတယ်။
တရုတ်မလိုကျ တရုတ်စက်ရုံဧရိယာထဲ ရွေးကောက်ပွဲ လုပ်ပြနိုင်ရေးအတွက် အနီးဝန်းကျင် ကျေးရွာတွေကို နယ်မြေလုံခြုံရေး အကြောင်းပြကာ အခုလို စစ်ကြောင်းထိုး၊ လက်နက်ကြီး ထုနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးနယ်ထဲ ကြေးနီတူးနေတဲ့ တရုတ်ပိုင် စက်ရုံတွေကို တွေ့ရစဉ်/Photo – S
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



