
MN/MFP ၊ ဇန်နဝါရီ – ၂၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုနဲ့ပျူစောထီးစစ်ကြောင်းက ဇန်နဝါရီ ၂၂ ရက်မှာ ငါးတန်းကျောင်းသူတစ်ဦးကို သေနတ်နဲ့ပစ်
သတ်ခဲ့ပြီး ဒေသခံအမျိုးသား ရှစ်ဦးကိုပါ ဖမ်းဆီးထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက်ကတည်းက မြင်းခြံနယ်အနောက်ခြမ်းမှာရှိတဲ့ ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာတွေကို စစ်အုပ်စုနဲ့ပျူတွေ စီးနင်းလုယက်မီးရှို့နေတာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းမှာ သင်္ဘောတင်ကျေးရွာကို စီးနင်းဝင်ရောက်ပြီး ပဉ္စမတန်း(ငါးတန်း) ကျောင်းသူတစ်ဦးကို စစ်အုပ်စုပူးပေါင်းစစ်ကြောင်းက သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
“ပစ်သတ်ခံလိုက်ရတဲ့ ကျောင်းသူလေးက မြင်းခြံမြို့ပေါ်ကို ရွာကနေပြီးတော့ ကျောင်းသွားတက်နေတာ။ မနေ့က မနက် ခုနစ်နာရီလောက် ကျောင်းသူလေးက ကျောင်းမသွားခင်မှာ နောက်ဖေးသွားနေတဲ့အချိန် သီတာယုမွန်တို့အဖွဲ့က တွေ့ပြီးတော့ ပစ်သတ်သွားတာ။ ခေါင်းတစ်ချက် လည်ပင်းတစ်ချက် မှန်ပြီးတော့ ဆုံးသွားတာ။ တိုက်ပွဲဖြစ်စဉ်လည်းမရှိဘူး။ ဒီအတိုင်း ပစ်သတ်သွားတာ။ မနေ့က ကျောင်းသူလေး ပစ်သတ်ခံရတဲ့နေ့မှာပဲ သင်္ဘောတင်ရွာသား ရှစ်ယောက် ဖမ်းခံလိုက်ရတယ်။ ပြန်မလွတ်လာကြသေးဘူး”
မြင်းခြံမြို့နယ်ဟာ လာမဲ့ဇန်နဝါရီလ ၂၅ ရက်မှာ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိပြီး မြို့ပေါ်ရပ်ကွက် ၂၀နဲ့ ကျေးရွာအုပ်စု ရှစ်ခုမှာ မဲရုံပေါင်း ၆၇ ရုံနဲ့ ကျင်းပသွားမှာဖြစ်တယ်လ မဲပေးပိုင်ခွင့်ရှိသူ ၁၀၃၃၆ ဦးရှိပြီး ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၆၀ မှာတော့ ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ စစ်အုပ်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
သေဆုံးသွားသူဟာ အသက် ၁၆ နှစ်အရွယ်ရှိတဲ့ ငါးတန်းကျောင်းသူဟာ မြင်းခြံမြို့ပေါ်က ကောင်းကင်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းကို သင်္ဘောတင်ကျေးရွာကနေ နေ့စဉ်ကျောင်းသွားတက်နေသူဖြစ်ပြီး စစ်ကြောင်းနဲ့တိုးကာ ပစ်သတ်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျောင်းသူလေးက ဟိုတနေ့ကမှ ကျောင်းစုံညီကပွဲမှာ ကခဲ့သေးတယ်။ အခုတော့ တကျောင်းလုံးက ယူကျုံးမရဖြစ်နေကြတာ။ သူ့မိသားစုတွေကလည်း တောထဲမှာ စစ်ဘေးရှောင်နေကြရတာ။ အခု စစ်ကြောင်းက ရွာထဲမှာရှိနေသေးတယ်”
မြင်းခြံမြို့အနောက်ဖက် ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ ပြုလုပ်ဖို့ရှိတဲ့ ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းရေးအကြောင်းပြကာ နေအိမ်တွေကို ဖောက်ထွင်းလုယက်ပြီး မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဒီကနေ့ထိ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက မြင်းခြံနယ်အနောက်ခြမ်းက ကျေးရွာတွေကို ဇန်နဝါရီ ၁၇ ရက်က စတင်ကာ ဒေသခံပြည်သူတွေကို လူသားဒိုင်းဖမ်းဆီးကာ စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့နေတာဖြစ်ပြီး မနေ့က ဇန်နဝါရီ ၂၂ ရက်ထိ အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိ ပတ္တာကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့သလို နတ်ညွှန်ရွာကိုလည်း မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွေးကောက်ပွဲလုပ်မယ့် မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုက မြို့အနီးဝန်းကျင်ရပ်ကွက်တွေနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေနဲ့ ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့နေတာကြောင့် နတ်ညွှန်း၊ ဒါးကျွန်း၊ သဲဖြူဝ၊ ပြည်တော်သာ၊ တန်ဆောင်း၊ ပတ္တာ၊ ဒေါင့်သစ်၊ လေးဖြတ်ခုံ၊ အောင်ပြည်စိုး စတဲ့ ကျေးရွာပေါင်း ၁၀ ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။
ဓာတ်ပုံ – မြင်းခြံမြို့ပေါ်မှာ ရွေးကောက်ပွဲ မဲထည့်ဖို့ စည်းရုံးနေတဲ့ စစ်အုပ်စုနဲ့ ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့နေစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



