မန္တလေးသတင်း

မန္တလေး ပုသိမ်ကြီးမှာ စစ်အုပ်စု ရွေးကောက်ပွဲ မဲထည့်ဖို့ စျေးသည်တွေကို နှစ်ရက် ရွာအပြင်ထွက်ခွင့် ပိတ်၊

စစ်အုပ်စုက ပုသိမ်ကြီးမှာ မဲနှိုက်စစ်သားသစ်စုတာ၊ ပေါ်တာဆွဲတာတွေလည်း ပုံမှန် လုပ်နေ၊

စစ်အုပ်စုက ပုသိမ်ကြီးမှာ မဲနှိုက်စစ်သားသစ်စုတာ၊ ပေါ်တာဆွဲတာတွေလည်း ပုံမှန် လုပ်နေ၊

ထင်လင်း/MFP၊ ဇန်နဝါရီ – ၂၃

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲ အတုအယောင် ရွေးကောက်ပွဲလုပ်မယ့် အာဏာသိမ်း စစ်အုပ်စုက ဒေသခံ ပြည်သူကို ခြိမ်းခြောက်အကြပ်ကိုင်ကာ မဲထည့်ခိုင်းနေပြီး တစ်ရွာနဲ့တစ်ရွာ ဆိုင်ကယ်၊ သုံးဘီးတို့နဲ့ စျေးလည်ရောင်းတဲ့ ခေါင်းရွက်၊ဗျတ်ထိုး စျေးသည်တွေကို မဲထည့်ဖို့အတွက် ရွာအပြင်ထွက် စျေးရောင်းခွင့် နှစ်ရက် ပိတ်ထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့ရဲ့ အနောက်မြောက်ဘက်နဲ့ ဧရာဝတီမြစ်အနီးက ကျေးရွာတွေကို စစ်အုပ်စုက လုံခြုံရေး တင်းကြပ်ထားသလို ဒေသခံတွေကို ရွေးကောက်ပွဲအကြိုနေ့နဲ့ ရွေးကောက်ပွဲနေ့တွေမှာ အပြင်ထွက်သွားလာခွင့် ကန့်သတ်ပြီး မဲထည့်ခိုင်းနေတာလို့ ဆိုပါတယ်။

“ရွာတွေက မထွက်ရဘူးလေ၊ ကြံခင်းစုတို့ ဘာတို့ပေါ့၊ အလုပ်အကြောင်းပြပြီး မဲမပေးကြမှာ စိုးလို့ ထင်တယ်၊ စျေးရောင်းမထွက်ရဘူးတဲ့၊ မနက်ဖြန်၊ အဲ့ဒါ နှစ်ရက်တဲ့၊ အဲ့ဘက်က များသောအားဖြင့် ကြည့်ရတာ သူက လုံခြုံရေးအရလည်း ပါမယ် ထင်တယ်၊ သူက မင်းကွန်းနဲ့လည်း ဟိုဘက်ဒီဘက် ဖြစ်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာတော့ အသွားအလာ တားမြစ် ပိတ်ဆို့တာ မရှိဘဲ မဲရုံပရဝုဏ် တဝိုက်တွေမှာ ပျူစောထီးနဲ့ မီးသတ်တွေက ဂိတ်စောင့်လုံခြုံရေးယူကာ မဲရုံအနီး ဖြတ်သန်း သွားလာခွင့် နှစ်ရက်ပိတ်မယ်လို့ သတင်းကြားကြောင်း ဒေသခံတွေက ပြောပါတယ်။

ပုသိမ်ကြီးနယ် အရှေ့ခြမ်းရှိ စျေးသည်များတဲ့ ကျေးရွာတွေမှာ စစ်အုပ်စုက မနက် ၄နာရီကတည်းက မဲပေးနိုင်ဖို့ စီစဉ်ထားကြောင်းနဲ့ မဲမပေးရင် ပြဿနာ တစုံတရာ တက်နိုင်တာကြောင့် ရွာလုံးကျွတ် မဲပေးစေလိုကြောင်း စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေက စည်းရုံးပြောဆိုတာတွေလည်း ရှိနေတယ်လို့ မန္တလေးနဲ့ ထိစပ်နေတဲ့ ပုသိမ်ကြီးနယ် ကျေးရွာတစ်ရွာနေ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“ဥက္ကဌကတော့ ပြောတာတော့ ဖြစ်နိုင်ရင် တရွာလုံး လာပေးစေချင်တယ်ပေါ့၊ ပေးကြပေါ့၊ ဘာလို့တုန်း ဆိုတော့ သူတို့ရဲ့ အနေအထားက (မဲနိုင်ဖို့) ဘယ်လို အခြေအနေမှန်းတော့ ဘယ်သူမှလည်း မခန့်မှန်းနိုင်လို့ မရဘူးတဲ့”

ပုသိမ်ကြီးမြို့နယ်ထဲ ဇန်နဝါရီ၂၅ရက်မှာ စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပြီး မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ၁၇၇,၁၄၄ ဦး ရှိကာ မဲရုံ ၁၃၉ ရုံ ဖွင့်မယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

“အဓိကကတော့ လုံခြုံရေး တင်းကြပ်မယ်၊ ပြောရရင်တော့ မြို့ပေါ်ကိုလည်း ထိစပ်နေတဲ့ ရွာတွေ ဆိုရင်တော့ သိပ်ပြီးကိစ္စမရှိဘူး၊ နည်းနည်းလေး ချောင်ကျပြီး ခေါင်တဲ့ ရွာတွေ ကျရင်တော့ အနိုင်ကျင့်ပြီး မဲထည့်ခိုင်းတာ ရှိနေမှာပေါ့” လို့ အထက်ပါ ဒေသခံက ဆက် ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့ပေါ် ရပ်ကွက်တချို့မှာ လုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲမှာလည်း မြို့ခံတွေကို ခြိမ်းခြောက် အကြပ်ကိုင် မဲထည့်ခိုင်းခဲ့ပြီး မဲမထည့်တဲ့ အိမ်တွေကို ပေါ်တာဆွဲ စစ်သားသစ်စုတာ အပါအဝင် အငြိုးထား စစ်ဆေးဖမ်းဆီးတာတွေ လုပ်မယ်လို့ သတင်းဖြန့် ခြိမ်းခြောက်တာ၊ မဲစာရင်းနံပတ် သိ၊မသိနဲ့ မဲပေး၊မပေးကို စစ်အုပ်စု လက်နက်ကိုင်တွေက ရပ်ကွက်ထဲ စိတ်ထင်ရာ အိမ်တွေကို လိုက်လံ စစ်ဆေးမေးမြန်းတာ၊ မန္တလေးမြို့တွင်း လမ်းမတွေပေါ် လက်နက်ကိုင် ငွေညှစ်တဲ့ စစ်အုပ်စုက မဲစာရင်းနံပတ် မေးပြီး မသိရင် ငွေညှစ်တာ၊ ရွေးကောက်ပွဲ လုပ်မယ့်နေ့အတွက် စျေးသည်တွေကို စျေးရောင်းခွင့်ပိတ်တာ၊ စတာတွေ လုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ပုသိမ်ကြီးနယ်ထဲ ပေါ်တာဆွဲ စစ်သားသစ် စုတာ၊ မဲနှိုက်ခိုင်းပြီး စစ်သားသစ် စုတာတွေ ဆက် လုပ်နေပြီး ဇန်နဝါရီ ၁၈ရက်က ပုသိမ်ကြီးနယ် ကြံခင်းနဲ့ ပေါက်မြိုင် ကျေးရွာတွေထဲ မဲနှိုက်ခိုင်းကာ လူသစ်စုခဲ့သလို ဇန်နဝါရီ ၂၀ရက်မှာလည်း ရွာတွေထဲ စစ်အုပ်စုက ပေါ်တာဆွဲတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံမြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။

ပုသိမ်ကြီးနယ်ထဲက ရာနဲ့ချီတဲ့ လူငယ်လူရွယ်တွေကို စစ်အုပ်စုက ပျူစောထီးနဲ့ မီးသတ် အဖွဲ့ဝင်တွေ အဖြစ်လည်ဒး လက်သပ်မွေး စုဆောင်းထားပါသေးတယ်။

ပုသိမ်ကြီးနယ်ထဲ အယောင်ပြ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုနဲ့ ဇန်နဝါရီ ၁၁ရက်က မန္တလေးမြို့ပေါ် ရပ်ကွက်တစ်ခုမှာ စစ်အုပ်စု လုပ်တဲ့ ရွေးကောက်ပွဲ မဲပေးနေသူတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button