မန္တလေးနဲ့ မုံရွာမှာ PDF ၁၇၀ ကျော် အလင်းဝင်တယ်လို့ စစ်အုပ်စု သတင်းဖြန့်၊
စစ်အုပ်စုက မုံရွာရော မန္တလေးမှာပါ ပေါ်တာဆွဲတာတွေ ဆက်လက် လုပ်ဆောင်နေ၊
ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂၃
မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းစစ်ဌာနချုပ် – လပခ နဲ့ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှာ PDF ၁၇၀ ကျော် အလင်းဝင်လာလို့ ဇန်နဝါရီ ၂၂ရက်နဲ့ ၂၃ရက်က ကြိုဆိုထောက်ပံ့ပွဲတွေ လုပ်ခဲ့တယ်လို့ စစ်အုပ်စုက သတင်ဖြန့်ပါတယ်။
ဇန်နဝါရီ ၂၃ရက် မနေ့က မန္တလေး လပခ မှာ PDF အဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနဲ့ အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း ၁၄၉ ဦးဟာ သေနတ် ၁၄ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လို့ စစ်အုပ်စုက ထောက်ပံ့ငွေပေးပြီး မိဘအုပ်ထိန်းသူထံ လွှဲပြောင်းပေးလိုက်တယ်လို့ စစ်လော်ဘီတွေက ဖော်ပြပါတယ်။
ဇန်နဝါရီ ၂၂ ရက်ကလည်း မုံရွာ နမခမှာ မုံရွာ၊ စစ်ကိုင်း၊ ဟုမ္မလင်းနဲ့ ကလေးမြို့နယ်တို့ကနေ PDF အမျိုးသား ၂၂ဦးနဲ့ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၂၄ဦးတို့ သေနတ် သုံးလက်နဲ့အတူ အလင်းဝင်လို့ စစ်အုပ်စုက ကြိုဆိုပြီး ဆုငွေပေးကာ အုပ်ထိန်းသူမိဘထံ ပြန်လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။
PDF ၁၇၀ ကျော် အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စုက သတင်းဖြန့်တဲ့အပေါ် မယုံကြည်သူတွေလည်း ရှိကာ ပေါ်တာဆွဲထားသူတွေထဲက ငွေပေးနိုင်သူတွေကို PDF တွေ အလင်းဝင်တယ်ဆိုတဲ့ ပုံစံမျိုး သတင်းလိမ်ပြီး ဝါဒဖြန့်တာ ဖြစ်မယ်လို့ တချို့က မှတ်ချက်ပြုပါတယ်။
တချိန်တည်းမှာပဲ မုံရွာ၊ စစ်ကိုင်းနဲ့ မန္တလေး အပါအဝင် နိုင်ငံတဝန်းမှာ စစ်အုပ်စုက လူငယ်လူရွယ်တွေကို ပေးတာဆွဲ စစ်သားသစ် စုဆောင်းတာ၊ ဖမ်းဆီးငွေညှစ်တာတွေ ဆက်လက် လုပ်ဆောင်နေပြီး မန္တလေးမြို့စွန် ရပ်ကွက်တချို့မှာ စစ်အုပ်စုက ပေါ်တာဆွဲလွန်းလို့ လူငယ်တွေ ကိုယ့်အိမ်မှာကို မအိပ်ရဲဘဲ နေရာပြောင်းရွှေ့ အိပ်နေကြရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို ပေးတာဆွဲ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး ရက်တို စစ်သင်တန်းပေးကာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဆီ ပို့လွှတ်ပြီး အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။
မန္တလေးနဲ့ မုံရွာမှာ PDF ၁၇၀ ကျော် အလင်းဝင်ကြောင်း စစ်အုပ်စုက သတင်းဖြန့်စဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



