မြင်းခြံမြို့ပေါ် မဲရုံစောင့် တာဝန်ကျနေတဲ့ ပျူစောထီးတစ်ယောက် ဖမ်းမိ၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂၄
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲအတွက် မဲရုံအစောင့် တာဝန်ကျနေတဲ့ ပျူစောထီး တစ်ယောက်ကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ Myingyan 21 Guerrilla Force က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၄ရက် ဒီကနေ့ မနက်ပိုင်း မြင်းခြံမြို့ပေါ်မှာ မဲရံအစောင့် တာဝန်ကျရင်း အပြင်ထွက်လာတဲ့ ပျူစောထီးကို Myingyan 21 Guerrilla Force၊ TFM ပြောက်ကျားတပ်၊ TLK ပြောက်ကျားတပ်တို့ ပူးပေါင်းကာ မြို့ပေါ်အထိ ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အပ်စုက မြင်းခြံမြို့ပေါ် အယောင်ပြရွေးကောက်ပွဲ လုပ်နိုင်ဖို့ ပြင်ဆင်နေပြီး လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့နယ်ထဲ မြို့ပေါ်ရပ်ကွက် ၂၀နဲ့ ကျေးရွာအုပ်စု ၆၀ ကျော်ရှီတဲ့အနက် နယ်မြေမစိုးမိုးနိုင်လို့ ကျေးရွာအုပ်စု ၅၈ မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စု ရှစ်ခုမှာ ရွေးကောက်ပွဲလုပ်မှာဖြစ်ကာ မဲရုံ ၆၇ ရုံ ဖွင့်မယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ရွေးကောက်ပွဲ လုံခြုံရေးအကြောင်းပြကာ ဇန်နဝါရီ ၁၇ ရက်ကစလို့ မြင်းခြံနယ်အနောက်ခြမ်း၊ ဧရာဝတီ မြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေပါတယ်။
စစ်အုပ်စုနဲ့ ပျူတွေဟာ ဇန်နဝါရီ ၂၂ ရက်က သင်္ဘောတင်ကျေးရွာကို စီးနင်းကာ ပဉ္စမတန်း(ငါးတန်း) ကျောင်းသူတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဒေသခံအမျိုးသား ရှစ်ဦးကို ဖမ်းဆီးထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြင်းခြံမြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးလို့ မြို့အနီးဝန်းကျင် ကျေးရွာတွေ အပါအဝင် ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာ ၁၀ ရွာကျော်က ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



