စစ်ကိုင်းသတင်း

တိုက်ပွဲငြိမ်နေတဲ့ ကသာမှာ ပြည်သူထောင်နဲ့ချီ ပြန်လည်ဝင်ရောက်နေထိုင်၊

ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၂၄

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်မှာ ဇန်နဝါရီလ ၁၃ရက်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုတပ်တွေအကြား နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေပြီး ပြည်သူတချို့လည်း မြို့ကိုပြန်လည်ဝင်ရောက် နေထိုင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ကသာမြို့ပေါ်မှာရှိတဲ့ အမှတ်-၃ အခြေခံပညာအထက်တန်းကျောင်းကို ဖွင့်လှစ်လိုက်တာကြောင့် ကျောင်းသားမိဘတွေအနေနဲ့ မြို့ကိုပြန်လည် ဝင်ရောက်နေထိုင်လာကြတာလို့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။

“အထက-၃ ပြန်ဖွင့်လိုက်တော့ အနီးအနားစစ်ရှောင်နေတဲ့သူတွေက ကျောင်းသားရှိတဲ့ မိသားစုတွေ ပြန်ဝင်ကြတာပေါ့။ ကလေးတွေက စာမေးပွဲဖြေဖို့ကနီးနေတော့ မိဘတွေကကျောင်းပို့ကြတာ။ မိဘတွေက အရှေ့မှာထိုင်စောင့်ကြတယ်။ ကျောင်းလွှတ်ချိန်ပြီးရင်တော့ မြို့ထဲလူသွားလူလာမရှိတော့ဘူး။ ကျောင်းသားကတော့ သုံးရာလောက် ပြန်တက်နေတယ်လို့ ကြားတယ်။ လက်နက်ကြီးကတော့ တချက်တချက်ပစ်သေးတယ်တဲ့၊ စစ်အုပ်စုကတော့ သူတို့စခန်းတွေအထဲကနေ မထွက်ကြဘူးတဲ့”

လတ်တလောမှာတော့ ကသာမြို့ကို ပြန်လည်ဝင်ရောက်နေထိုင်တဲ့ ဒေသခံအရေအတွက်ကို အတိအကျမသိရသေးပေမဲ့ သုံးထောင်ကျော်လောက် ရှိနိုင်တယ်လို့ သူကခန့်မှန်းပါတယ်။

ကသာမြို့နယ်မှာ ဖုန်းနဲ့အင်တာနက်စတဲ့ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် မြို့ကိုပြန်လည် ဝင်ရောက်နေထိုင်နေတဲ့ အရပ်သားအရေအတွက်ကိုတော့ MFP အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်ကလည်း ကသာမြို့ပေါ်က ရပ်ကွက်-၅နဲ့ ရပ်ကွက်-၈တို့ကို စစ်အုပ်စုတပ်က ရှော့တိုက်ဒုန်း ဆယ်လုံးထက်မနည်းပစ်ခတ်ရာမှာ တစ်လုံးစီကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအမျိုးသားလူငယ်တစ်ဦး သေဆုံးခဲ့သလို ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ကသာမြို့နယ်အဝင်အထွက်ဂိတ်တွေကို စစ်အုပ်စုတပ်က အခုလ ၁ ရက်နေ့ကတည်းက ပိတ်ထားလိုက်တာကြောင့် မြို့တွင်းမှာ ဒေသစိုက်အသီးအနှံကလွဲရင် စားနပ်ရိက္ခာကုန်ခြောက်တချို့ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်ကတည်းက စစ်အုပ်စုတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား ကသာမြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး အရပ်သားတစ်သိန်းနီးပါးဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-ကသာဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

#Mandalay_Free_Press_MFP 

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button