
ဂျီဂျီ/MFP၊ ဇန်နဝါရီ – ၂၄
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နယ်မြေတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားလို့ အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်တာ နှစ်နဲ့ချီကြာနေပြီဖြစ်တဲ့ အာဏာသိမ်း စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်ဖို့ သူတို့ကို သစ္စာခံတဲ့ Non CDM ဝန်ထမ်းတွေကို ငွေပေးကာ သပိတ်ကျင်းနယ်ထဲ ပြန်ပို့လွှတ်နေတယ်လို့ သတင်းရရှိပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်း ရုံး၊ ကျောင်းနဲ့ ဆေးရုံတွေ ဖွင့်လှစ်ဖို့နဲ့ ရွေးကောက်ပွဲ လုပ်ဖို့အတွက် ဇန်နဝါရီ ၂၂ ရက်က Non-CDM တွေကို ငွေကြေးထောက်ပံ့ပေးကာ ပြန်ပို့လွှတ်ခဲ့ပြီး မနက်ဖန် ဇန်နဝါရီ ၂၅ရက်မှာလည်း သပိတ်ကျင်းနယ်ထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ သပိတ်ကျင်းမြို့နဲ့ တကောင်းမြို့ရှိ မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်၊ ကျေးရွာအုပ်စု ၂၂ ခု ရှိတဲ့အနက် မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၈ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ ကျေးရွာအုပ်စု လေးခုမှာစာ ရွေးကောက်ပွဲ လုပ်နိုင်မယ်လို့ စစ်အုပ်စုက ကြေညာထားပါတယ်။
၂၀၂၄ ဩဂုတ်လကတည်းက စစ်ရှုံးပြီး လက်လွှတ်ထားရတဲ့ သပိတ်ကျင်းမြို့ကို စစ်အုပ်စုက ၂၀၂၅ ဇူလိုင်လမှာ ပြန်လည် သိမ်းပိုက်နိုက်ပေမယ့် ယနေ့အချိန်ထိ အုပ်ချုပ်ရေး ယန္တရားတွေ မလည်ပတ်နိုင်သလို Non CDM တွေကိုလည်း ပြန်မပို့နိုင်ဘဲ လက်ရှိမှာတော့ မန္တလေး – သပိတ်ကျင်း လမ်းကို စစ်အုပ်စု အပြည့်အဝ ပြန်ရသွားပြီမို့ Non – CDM တွေကို ငွေပေးပြီး ပြန်ပို့ကာ ရွေးကောက်ပွဲ လုပ်ဖို့ စီစဉ်တာ ဖြစ်မယ်လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
သပိတ်ကျင်းမြို့ရဲ့ တောင်ဘက်ခြမ်း၊ သပိတ်ကျင်း – စဉ့်ကူး – မန္တလေး ကားလမ်းတလျှောက်ရှိ မြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို စစ်အုပ်စု ပြန်ထိန်းချုပ်နိုင်ပြီ ဖြစ်ပေမယ့် တကောင်းမြို့ အပါအဝင် သပိတ်ကျင်းနယ် မြောက်ဘက်ခြမ်း၊ မြို့နယ်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးတပ်တွေက ဆက်လက် သိမ်းပိုက်ထိန်းချုပ်ထားဆဲမို့ သပိတ်ကျင်းနယ်ထဲ စစ်အုပ်စု လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်လိမ့်မယ်လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
“ဘယ်နေရာမှာ လုပ်မယ်ဆိုတာတွေကျ ဖုန်းလိုင်း၊ အင်တာနက်လိုင်းကလည်း မရဘူးဆိုတော့ မြို့နယ် ထဲ အဆက်အသွယ် မရှိတော့ ဘယ်လိုရှိတယ် မသိဘူး” လို့ သပိတ်ကျင်းနယ်ခံက ပြောပါတယ်။
သပိတ်ကျင်းနယ်ခံ ပြည်သူ အများစု စစ်ဘေးရှောင်ထွက်ပြေးနေရလို့ စစ်အုပ်စု ရွေးကောက်ပွဲ မဲပေးနိုင်သူလည်း မရှိလောက်ဘဲ စစ်အုပ်စု သစ္စာခံ Non CDM တွေ၊ ဝန်ထမ်းမိသားစုတွေကိုသာ မဲထည့်ခိုင်းတာမျိုး လုပ်မယ်ထင်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲကို အပိုင်းပိုင်းခွဲကာ လုပ်နေပြီး မနက်ဖန် ဇန်နဝါရီ ၂၅ ရက်မှာ မန္တလေးတိုင်းထဲက သပိတ်ကျင်း အပါအဝင် ချမ်းမြသာစည်၊ ပုသိမ်ကြီး၊ မြစ်သား၊ မလှိုင်၊ တောင်သာ၊ ငါန်းဇွန်နဲ့ မြင်းခြံမြို့နယ်တွေမှာ လုပ်ဦးမှာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားတဲ့ မန္တလေးတိုင်း ရှစ်မြို့နယ်အနက် ချမ်းမြသာစည်၊ ပုသိမ်ကြီးနဲ့ မြစ်သားနယ်မှာသာ ရပ်ကွက်၊ကျေးရွာတွေအားလုံး မဲပုံးထောင်နိုင်မှာ ဖြစ်ပြီး ကျန်မြို့နယ်တွေမှာ နယ်မြေမစိုးမိုးနိုင်လို့ နယ်မြေရဲ့ ငါးပုံ တစ်ပုံလောက်သာ မဲပုံးထောင်နိုင်မှာ ဖြစ်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမှာ အယောင်ပြ ရွေးကောက်ပွဲလုပ်နိုင်ဖို့ စစ်အုပ်စုက Non CDM တွေကို ငွေပေးကာ သပိတ်ကျင်းနယ်ထဲ ပြန်ပို့လွှတ်နေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



