မိတ္ထီလာနဲ့ ညောင်ဦးခရိုင်ထဲ စစ်အုပ်စု အင်အား ထောင်ချီသုံးကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေ၊
မဲပုံးမထောင်နိုင်တဲ့ ကျေးရွာတွေကို အဓိက ပစ်မှတ်ထားကာ စစ်ကြောင်းထိုး လုယက် မီးရှို့နေတာဖြစ်၊
ထင်လင်း/MFP၊ ဇန်နဝါရီ – ၂၄
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ထဲက ဝမ်းတွင်းနဲ့ မလှိုင်မြို့နယ်၊ ညောင်ဦးခရိုင်ထဲက ကျောက်ပန်းတောင်းနဲ့ ငါ့သရောက် မြို့နယ်တွေထဲ အာဏာသိမ်း စစ်အုပ်စုက ပျူစောထီးနဲ့ ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် အင်အား ၄၀၀၀ လောက်နဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လုယက်၊ မီးရှို့နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အဲ့ဒီ မြို့နယ်တွေထဲက စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မဲပုံးမထောင်နိုင်တဲ့ ကျေးရွာတွေကို အဓိက ပစ်မှတ်ထားကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲနေလို့ ထောင်သောင်း ချီတဲ့ ဒေသခံ အရပ်သားပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
“၁လပိုင်း ၁၁ရက်နေ့က ဒီကျောက်ပန်းတောင်းနယ်ကို ကျင်းပရမှာကိုး၊ ကျောက်ပန်းတောင်းနယ်မှာ ကျင်းပတဲ့ အချိန်မှာ ပွေးကျစ်တိုက်နယ်က မကျင်းပနိုင်ခဲ့ဘူး၊ အဲ့ဒါကြောင့် ရွေးကောက်ပွဲ ပြန်လုပ်ဖို့အတွက် ဖိအားပေးခံရတဲ့ အခြေအနေပေါ့ စကစကနေပြီး။ ဝမ်းတွင်းနယ်ကတော့ ကျင်းပ ပြီးသွားပြီ၊ ၂၈ရက်နေ့က ကျင်းပပြီးသွားပြီ၊ ကျင်းပပြီးတာတောင်မှ တောက်လျှောက် ပေါ်တာတွေ ဆွဲတာပေါ့နော်၊ ပြီးကျ ရွာအုပ်ချုပ်ရေးမှူးတွေကလည်း အိမ်တွေကို ဖိအားပေးတာတွေ ရှိတယ်၊ ပြီးတော့ကျ ဖမ်းတာဆီးတာတွေ ရှိတယ်ပေါ့နော်၊ နောက်ပြီးတော့ မလှိုင်ကကျ မကျင်းပရသေးဘူး၊ မလှိုင်ကကျ ဒီ တတိယအပတ်မှ ကျင်းပရမှာ၊ အပိုင်း ၃မှ ကျင်းပရမှာ၊ မလှိုင်က တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေတော့ ဒီ စကစနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက တောက်လျှောက် တိုက်ပွဲ ဖြစ်တာကိုး၊ တိုက်ပွဲဖြစ်တော့ မလှိုင်ကို ဖိအားပေးတာပေါ့နော်၊ လေကြောင်းရော ဝေဟင်ရော တောက်လျှောက် ထိုးတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်မှာ ဒီဇင်ဘာ ၂၈ရက်က အာဏာသိမ်း စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲ အဖြစ် မဲပုံးထောင်ပြီးကာမှ တိုက်ပွဲဖြစ်လို့ စစ်အုပ်စု ထွက်ပြေးရတာကြောင့် အငြိုးထားကာ စစ်ကြောင်းထိုး၊ မီးရှို့နေတာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၁ရက်က ပေါ်တာဆွဲထားသူတွေကို ကျောက်ပန်းတောင်းမြို့ပေါ် သွားပို့ပြီးနောက် စျေးကားကို ချောဆွဲကာ အရပ်သားတွေကို လူသားဒိုင်းလုပ်ပြီး ပြန်လာတဲ့ ပွေးကျစ်တိုက်နယ်၊ ပွဲခင်းကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ဌေးလွင်ဦးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး လူသားဒိုင်း ပြုလုပ်ခံရတဲ့ အရပ်သားပြည်သူတချို့ ဒဏ်ရာရ၊ သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“၂၁ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်တော့ ခွေးတွေရယ်၊ ပျူတွေရယ်၊ ရခတွေရယ် အကုန်လုံးက ဆုံကုန်းက စျေးကားနဲ့ လိုက်လာတာပေါ့လေ၊ စျေးကားအလယ်ခေါင်မှာ နေပြီးတော့ စျေးကားရဲ့ ဘေးမှာကျ ရွာသူရွာသားတွေကို ဓားစာခံအဖြစ် ထားတယ်ပေါ့၊ ထားတော့ တိုက်ပွဲဖြစ်တော့ ရွာသူ ရွာသားတွေက ငုံ့ကြတယ်၊ ငုံ့တော့ တချို့က စျေးပစ္စည်းတွေပါတော့ ငုံ့မရတာနဲ့ အဲ့မှာ ခေါင်းမှန်တဲ့ လူနဲ့ ခါး မှန်တဲ့လူနဲ့ သေကုန်တာ နှစ်ယောက်၊ ၂၁ရက်နေ့က ဖြစ်တာ၊ ၂၃ရက်နေ့ကျ သေတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခံရပြီးနောက် ပျူစောထီးနဲ့ စစ်အုပ်စုက တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နှစ်မိုင်ကျော်အကွာရှိ အိမ်ခြေ ၂၀၀ခန့်ရှိတဲ့ ဘုရားကြီးကုန်း ကျေးရွာကို စီးနင်းလုယက်ပြီးနောက် လေသင့်ရာ ရွာမြောက်ဘက်ပိုင်းက စတင်ပြီး နေအိမ်တွေကို မီးတင်ရှို့ ဖျက်ဆီးရာ အိမ်ခြေ ၅၀ခန့် ပြာကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် ကျောက်ပန်းတောင်းနဲ့ ငါ့သရောက်မြို့နယ်အတွင်းရှိ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သဲဝဲကိုက်တာ၊ အရေပြားရောဂါတွေလည်း ဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်သလို အအေးဒဏ်ကြောင့် စောင်နဲ့အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ဘေးရှောင်တွေအတွက် လိုအပ်နေပါတယ်၊ အဓိက သူတို့က ကုန်စျေးနှုန်းက တက်ပေါ့နော်၊ အဲ့ဒီ အခြေအနေ ရှိပါတယ်၊ နောက်ပြီး ဆေးဝါးရိက္ခာလည်း လိုအပ်တယ်ပေါ့နော်”
ဝမ်းတွင်းနဲ့ မလှိုင်မြို့နယ်တွေမှာတော့ စစ်အုပ်စုက ဒေသခံ လူငယ်လူရွယ်တွေကို အသေခံ စစ်သားအဖြစ် အသုံးချဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်နေပြီး မလှိုင်နယ် ကျေးရွာတချို့မှာ စစ်အုပ်စုက လူမြင်ရင် အိမ်ထဲအထိ ဝင်ဆွဲကာ ဖောကားပေါ် တင်ခေါ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မလှိုင်နယ်မှာ ရွေးကောက်ပွဲ မဲမပေးပါက ထောက်ခံစာ ထုတ်မပေးဘူးလို့ အကြပ်ကိုင်သလို သာရေး၊နာရေး ရှိပါကလည်း လုပ်မပေးဘဲ ရွာက ကျဉ်ထားမယ်လို့ စစ်အုပ်စုက ဖိအားပေး အကြပ်ကိုင်ကာ မဲထည့်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း ၂၈မြို့နယ်အနက် စဉ့်ကူး၊ မိုးကုတ်နဲ့ နွားထိုးကြီး သုံးမြို့နယ်မှာ စစ်အုပ်စု အနေနဲ့ လုံးဝ ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ ကျန်မြို့နယ်တွေထဲမှာလည်း နယ်မြေရဲ့ တချို့တဝက်ကိုသာ မဲပုံးထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မနက်ဖန် ဇန်နဝါရီ ၂၅ရက်မှာ လုပ်မဲ့ မန္တလေးတိုင်း ရှစ်မြို့နယ်မှာ ချမ်းမြသာစည်၊ ပုသိမ်ကြီးနဲ့ မြစ်သားနယ်မှာသာ ရပ်ကွက်၊ကျေးရွာတွေအားလုံး မဲပုံးထောင်နိုင်မှာ ဖြစ်ပြီး ကျန်မြို့နယ်တွေမှာ နယ်မြေ မစိုးမိုးနိုင်လို့ နယ်မြေရဲ့ ငါးပုံ တစ်ပုံလောက်သာ မဲပုံးထောင်နိုင်မှာ ဖြစ်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ မြို့နယ် ရှစ်ခုအတွင်း ရပ်ကွက် ၆၀နဲ့ ကျေးရွာအုပ်စု ၁၆၈ မှာသာ မဲပုံးထောင်နိုင်မှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၆၃၄,၄၃၉ ဦးအတွက် မဲရုံ ၅၅၆ ရုံသာ ဖွင့်ပေးနိုင်မှာ ဖြစ်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြင်းခြံခရိုင်အတွင်းမှာ နယ်မြေရဲ့ ၆၀ ရာခိုင်နှုန်းအထိ စိုးမိုးထားပြီး ညောင်ဦးခရိုင်မှာ ၇၀ရာခိုင်နှုန်း၊ မိတ္ထီလာခရိုင်မှာ ၁၅ ရာခိုင်နှုန်း၊ ရမည်းသင်းခရိုင်မှာ ၁၅ ရာခိုင်နှုန်း၊ ကျောက်ဆည်ခရိုင်မှာ ၂၅ ရာခိုင်နှုန်း၊ ပြင်ဦးလွင်ခရိုင်မှာ ၅၀ရာခိုင်နှုန်း၊ မန္တလေးခရိုင်မှာ ၁၀ ရာခိုင်နှုန်းအထိ နယ်မြေ စိုးမိုးထားနိုင်တယ်လို့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ BFAF-Burnma Federal Alliance Force က ထုတ်ပြန်ထားပါတယ်။
မိတ္ထီလာနဲ့ မလှိုင်မှာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲနေသူနဲ့ မန္တလေးမြို့ပေါ်မှာ ပြည်သူတွေ မဲထည့်ဖို့ ခြိမ်းခြောက်စည်းရုံးနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



