
ထင်လင်း/MFP၊ ဇန်နဝါရီ – ၂၅
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ အတုအယောင် ရွေးကောက်ပွဲ လုပ်နေတဲ့ အာဏာသိမ်း စစ်အုပ်စုက ကျေးရွာတွေကို အဝင်အထွက် ပိတ်ဆို့ကာ မဲထည့်ခိုင်းနေတယ်လို့ ပုသိမ်ကြီးနယ်ခံတွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၂၅ရက် ဒီကနေ့မှာ စစ်အုပ်စုက ပုသိမ်ကြီးနယ်ထဲ အယောင်ပြ ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပြီး ကားလမ်းမနဲ့အလှမ်းဝေး၊ မြို့နဲ့ ဝေးပြီး ချောင်းကျတဲ့ ကျေးရွာတွေကို အဝင်အထွက် ပိတ်ဆို့ ထားတာကြောင့် ဒေသခံတွေ သွားရေးလာရေး အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
”မနက်ပိုင်း စျေးအရောင်းအဝယ်သမားတွေ ဆိုရင် အဝင်အထွက်တွေ ခက်တယ်၊ ထွက်ပြီးရင် မဝင်ရဘူးတို့၊ အဲ့လိုမျိုးတွေ၊ ရွာထဲကနေ အပြင်ထွက်တယ် ဆိုရင်လည်း (ညနေပိုင်း မဲရုံပိတ်ချိန်) ၆နာရီကျော်မှ ပြန်ဝင်ရမှာတို့၊ အဲ့လိုမျိုးတွေပေါ့၊ ခုပြောမယ်ဆို မဲရုံအနီး တဝိုက်တင် မဟုတ်တော့ဘူး၊ တရွာလုံးကို အဝင်အထွက်မှာ လူတွေ စောင့်ပြီးတော့ လုပ်တာ၊ အကုန်လုံး ကသောင်းကနင်းတွေ ဖြစ်ကြတာပေါ့” ပုသိမ်ကြီးမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
ရွေးကောက်ပွဲ လုံခြုံရေးနဲ့ မဲလာပေးဖို့ဆိုပြီး ပုသိမ်ကြီးနယ် ကျေးရွာတွေရှိ စျေးသည်တွေကို စစ်အုပ်စုက နှစ်ရက်ကြာ ရွာအပြင်ထွက် စျေးရောင်းခွင့်ပိတ်တာ၊ ရွေးကောက်ပွဲနေ့ စျေးဆိုင်တွေ ပိတ်ခိုင်းတာ၊ ရွာခံတွေကို ကျေးရွာနဲ့ မဲရုံလုံခြုံရေးအဖြစ် ကင်းစောင့်ခိုင်းတာ၊ မဲမပေးသူတွေကို ပေါ်တာဆွဲမယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရွေးကောက်ပွဲ လုပ်နေချိန်မှာလည်း စစ်အုပ်စုက တရွာလုံးကို ပိတ်ဆို့ကာ မဲလာပေး၊ မပေး စောင့်ကြည့်နေတယ်လို့ ပုသိမ်ကြီးနယ်ခံတစ်ဦးက ပြောပါတယ်။
”မဲက မပေးလို့ မရဘူး၊ တစ်ရွာလုံး ပိတ်ပြီးမှ မဲပေးခိုင်းနေမှတော့ မပေးလို့ မရဘူး။ နှိပ်ချင်တာတွေ နှိပ်ခဲ့တယ်၊ ဆိုင်းတီးသလို တီးခဲ့တယ်၊ ကြံ့ခိုင်ရေးကတော့ မထည့်ချင်လို့ကို မထည့်ခဲ့ဘူး”
ပုသိမ်ကြီးမြို့နယ်ထဲ စစ်အုပ်စုက လုပ်တဲ့ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ ၁၇၇,၁၄၄ ဦး ရှိပြီး မဲရုံ ၁၃၉ ရုံ ဖွင့်မယ်လို့ စစ်အုပ်စုက ကြေညာထားပါတယ်။

ပုသိမ်ကြီးနယ်ထဲ အယောင်ပြ ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုကို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



