မန္တလေးသတင်း

မန္တလေးမြို့ပေါ် စစ်အုပ်စု ရွေးကောက်ပွဲ ယခင်အကြိမ်တွေလောက် မဲပေးသူ မများ၊

ဖိုးချို/MFP၊ ဇန်နဝါရီ – ၂၅

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက အယောင်ပြ ရွေးကောက်ပွဲ လုပ်နေပြီး မဲလာပေးသူ အနေနဲ့ ယခင်အကြိမ်တွေထက် လျော့နည်းတယ်လို့ မန္တလေးမြို့ခံ စောင့်ကြည့်သူတွေက MFP ကို ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၅ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၃အဖြစ် စစ်အုပ်စုက ချမ်းမြသာစည်မြို့နယ်ထဲ မဲရုံတွေ ဖွင့်ထားတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့ပေါ်မှာ လုပ်ခဲ့တဲ့  အပိုင်း၁၊ ၂ တို့နဲ့ နှိုင်းယှဉ်ပါက မဲပေးသူ နည်းပါးတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“ဒီနေ့ မနက်ပိုင်း မဲရုံ ၂၀ ကျော်ကို  ပတ်ကြည့်‌လေ့လာခဲ့တယ်၊ မဲရုံတိုင်းမှာ လူရှင်းတယ်၊ (၁၀နာရီနောက်ပိုင်း) တန်းစီ‌နေတယ်ဆိုတာ မတွေ့ခဲ့ရဘူး၊ အပိုင်း(၁)နဲ့ (၂)မှာတုန်းက ဒီအချိန်‌‌လောက်ဆို တန်းစီနေတဲ့ လူတွေ တွေ့ရတယ်၊ အခု လူမရှိဘူး၊ သေချာတာတော့ အပိုင်း (၁) နဲ့ (၂) လောက်တော့ မဲလာပေးသူ မများဘူးဆိုတာပါပဲ” လို့ ချမ်းမြသာစည်မြို့နယ်ရှိ မဲရုံတွေကို လိုက်လံ ကြည့်ရှု့ခဲ့သူ တစ်ဦးက ပြောပါတယ်။

မနက် ၁၀ နာရီနောက်ပိုင်း မဲပေးသူ မရှိသလောက် နည်းသွားတယ်လို့ ချမ်းမြသာစည် မြို့နယ်ထဲ နေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။

“မဲသွားပေးတဲ့သူ နည်းတယ် ထင်တယ်၊ တချို့ကျ စိတ်မဝင်စားတာလည်း ဖြစ်မယ်”

တချိန်တည်းမှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူစီစဉ်ထားတဲ့ ရွေးကောက်ပွဲ မန္တလေးမြို့ပေါ် မဲပေးတဲ့ အခြေအနေကို လာကြည့်ခဲ့ပြီး မင်းအောင်လှိုင် လာဖို့အတွက် မဲရုံတချို့ကို စံပြမဲရုံအဖြစ် သတ်မှတ်ကာ ကြိုတင်ပြင်ဆင်ခဲ့ကြတာလို့ စစ်အုပ်စု လက်အောက်ခံ Non CDM ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။

မဲစာရင်းအရ လူဦးရေများတဲ့ မဲရုံတွေနဲ့ မဲရုံရဲ့ တည်နေရာအကျယ်အဝန်းအရ အပြကောင်းမယ့် မဲရုံ ၁၅ရုံလောက်ကို စံပြမဲရုံအဖြစ် သတ်မှတ်ကာ ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ စံပြမဲရုံတွေကို မင်းအောင်လှိုင်က လာကြည့်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၃ အဖြစ် မန္တလေးတိုင်းအတွင်းရှိ ချမ်းမြသာစည်၊ ပုသိမ်ကြီး၊ မြစ်သား၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ မဲရုံတွေ ဖွင့်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီ မန္တလေးတိုင်းအတွင်း ရှစ်မြို့နယ်အနက် ချမ်းမြသာစည်၊ ပုသိမ်ကြီးနဲ့ မြစ်သားမြို့နယ်တွေမှာသာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေ အားလုံး မဲရုံဖွင့်နိုင်ပြီး ကျန်တဲ့ ငါးမြို့နယ်မှာ နယ်မြေ မစိုးမိုးနိုင်လို့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုရဲ့ ငါးပုံ တစ်ပုံခန့်သာ မဲရုံဖွင့်နိုင်ခဲ့ပါတယ်။

အဲ့ဒီ ရွေးကောက်ပွဲလုပ်တဲ့ ရှစ်မြို့နယ် ရပ်ကွက် ၆၀ နဲ့ ကျေးရွာအုပ်စု ၁၆၈ ခုမှာ မဲရုံ ၅၅၆ ရုံ ဖွင့်နိုင်မှာ ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၆၃၄,၄၃၉ ဦး ရှိတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း စစ်အုပ်စု လုပ်တဲ့ ရွေးကောက်ပွဲ မဲပေးနေသူတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button