မန္တလေးသတင်း

မြင်းခြံ လယ်သစ်ပျူရွာ ဒရုန်း ဗုံးချခံရပြီး မဲထည့်သူမရှိလို့ ရွေးကောက်ပွဲ ပျက်၊

မြင်းခြံရပ်ကွက်အချို့မှာ မဲစာရင်းမှားယွင်းမှုတွေ ရှိနေတယ်လို့ မြို့ခံတွေပြော၊

မြို့ပေါ်မှာလည်း မဲထည့်သူနည်းလို့ စစ်အုပ်စုက လက်နက်ကိုင် မြို့ပတ်ကာ မဲထည့်ခိုင်းနေ၊

MN/MFP ၊ ဇန်နဝါရီ – ၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြို့ရဲ့မြောက်ဘက် ကပ်လျက်မှာရှိတဲ့ လယ်သစ်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ရွာခံတွေ မဲလာမထည့်ရဲတော့တာကြောင့် ရွေးကောက်ပွဲ ပျက်သွားတယ်လို့ မြင်းခြံနယ်ခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၂၅ရက် ဒီမနက်ပိုင်း လယ်သစ်ပျူရွာရှိ မဲရုံအနီး ဒရုန်းနဲ့ ဗုံးချခံရတာလို့ ဆိုပါတယ်။

“လယ်သစ်ပျူစောထီးရွာကို မနက် ၆ နာရီ မထိုးခင်မှာ ဒရုန်းနဲ့ ဗုံးသီးတစ်လုံး ချလိုက်တာ မဲရုံနဲ့ ပေ ၁၀၀ ကျော် အကွာလောက်မှာ ကျကွဲတာ။ ပျူစောထီးတွေတော့ မထိဘူး၊ ရွာခံ အမျိုးသား တစ်ယောက် ထိသွားတယ်လို့ ကြားရတယ်။ အဲဒီလို ဗုံးသီးချလိုက်တော့ မဲပေးတဲ့ အစီအစဉ် ပျက်သွားတယ်။ ဘယ်သူမှ မဲလာမထည့်ရဲကြတော့ဘူး” လို့ မြင်းခြံနယ်ခံက ပြောပါတယ်။

စစ်အုပ်စုဟာ မြင်းခြံမြို့ပေါ် နဲ့ မြင်းခြံနယ်ထဲက ပျူစောထီးကြီးစိုးတဲ့ ကျေးရွာတွေမှာ အတုအယောင် ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပါတယ်။

မြင်းခြံမြို့ပေါ်မှာလည်း မဲထည့်သူ နည်းပြီး မနက် ၇ နာရီခွဲက စတင်ကာ မဲရုံတွေမှာ မဲထည့်သူ မရှိတော့ တာကြောင့် စစ်အုပ်စုနဲ့ပျူတွေ လက်နက်ကိုင်ပြီး  ကားတန်းနဲ့ မြို့ပတ်ကာ ရွေးကောက်ပွဲ လှုံ့ဆော်ရေး သီချင်းတွေဖွင့်ပြီးနောက် မဲလာထည့်ကြဖို့ စည်းရုံး၊ ခြိမ်းခြောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မနက်စောစော ၆နာရီကနေ ၇နာရီခွဲလောက်ထိကတော့ မဲပေးကြတယ်။ အဲဒီနောက်ပိုင်း မဲလုံးဝ မပေးကြတော့ဘူး။ မဲသွားပေးကြတယ် ဆိုတာကလည်း ပြည်သူလူထု အတွေးကတော့ ကြောက်လို့ ပေးကြရတာပေါ့။ တချို့ကလည်း မဲလာမပေးရင် သုံးသိန်း(ကျပ်)ပေးရမယ်၊ သေနတ်ဒင်နဲ့ ထုမယ်၊ အဲဒီလိုမျိုး သတင်းတွေနဲ့ ဖြန့်ပြီး ခြိမ်းခြောက်ထားတယ်။ အခုလည်း အသံတွေ ကြားတယ်မို့လား မြို့ထဲမှာ မဲလာပေးတဲ့သူ မရှိတော့လို့ ကားတွေနဲ့ သီချင်းတွေဖွင့်ပြီး မဲလာထည့်ဖို့ လိုက်အော်နေတယ်” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် မြင်းခြံမြို့ပေါ် ရပ်ကွက်တစ်ခုမှာလည်း အမှန်တကယ် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၇၀၀ ကျော်သာ ရှိရာမှာ မဲစာရင်းထဲမှာ လူဦးရေ ၁၅၀၀ ကျော် ဖြစ်နေတာကြောင့် မဲစာရင်း မှားယွင်းတာတွေပါ ရှိနေတယ်လို့ မြင်းခြံမြို့ခံက ဆက်ပြောပါတယ်။

“ရပ်ကွက်တခုမှာ မဲစာရင်းထဲမှာ လူဦးရေက ၁၅၀၀ လောက် ဖြစ်နေတယ်။ အဲဒီရပ်ကွက်မှာက လူဦးရေ ၇၀၀ ကျော်လောက်ပဲ ရှိတာမှာ မဲစာရင်းထဲ လူဦးရေက ၁၅၀၀ လောက် ဖြစ်နေတာ။ လူဦးရေ ၉၀၀ လောက် ကွာနေတာ။ အဲဒါ ကျန်နေတဲ့ လူဦးရေ ၉၀၀ ကို မဲလာထည့်ကြဖို့ ရပ်ကွက်ထဲ တအိမ်တက်ဆင်း လိုက်ပြောတဲ့ အခါမှာ အဲဒီရပ်ကွက်က အိမ်တိုင်းလိုလို မဲထည့်ပြီးသား ဖြစ်နေတာ။ အဲဒီလို လူဦးရေ မဲစာရင်းတွေ ကွာနေလို့ ရပ်ကွက်အုပ်ကြီး အဆူခံနေရတယ်။ အခု မြို့ထဲမှာ စစ်ကြောင်းသုံးကြောင်းနဲ့ ကင်းပတ်ပြီးတော့ ကားရှေ့အပေါ်ကနေ RPG တွေ၊ စက်လက်တွေ တင်ပြီးတော့ ကင်းလှည့်နေတယ်”

ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်အချိန် မြင်းခြံမြို့ပေါ်ရှိ စစ်အုပ်စုရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီရုံး ဒရုန်းနဲ့ဗုံးနှစ်လုံးချ တိုက်ခိုက်ခံရပေမယ့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြင်းခြံမြို့နယ်မှာ မြင်းခြံမြို့နဲ့ ဆီမီးခုံမြို့ အပါအဝင် မြို့ပေါ်ရပ်ကွက် ၂၄ နဲ့ ကျေးရွာအုပ်စု ၆၄ ခု ရှိပြီး နယ်မြေ မစိုးမိုးနိုင်တာကြောင့် မြို့ပေါ် ရပ်ကွက် လေးခုနဲ့ ကျေးရွာအုပ်စု ၅၆ မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စုက ကြေညာထားပါတယ်။

လက်ရှိမှာ မြင်းခြံမြို့ပေါ် ရပ်ကွက် ၂၀ နဲ့ ကျေးရွာအုပ်စု ရှစ်ခုမှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်နေပြီး မဲရုံ ၆၇ ရုံ ဖွင့်ထားကာ မဲပေးပိုင်ခွင့်ရှိသူ ၁၀၃၃၆ ဦး ရှိတယ်လို့ စစ်အုပ်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြင်းခြံမြို့ပေါ်မှာ မဲရုံဖွင့်နိုင်ဖို့အတွက် စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူတွေဟာ ဇန်နဝါရီ ၁၇ ရက်က စတင်ပြီး မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့တာတွေ ကျူးလွန်နေပါတယ်။ လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် မြင်းခြံမြို့ အနီးဝန်းကျင်နဲ့ ဧရာဝတီ မြစ်ရိုးတလျှောက် ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

မြင်းခြံမြို့မှာ စစ်အုပ်စု လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲ မဲပေးနေသူတွေ/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button