
ထင်လင်း/MFP၊ ဇန်နဝါရီ – ၂၅
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လုယက်၊ မီးရှို့နေပြီး ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီ ၂၅ရက် ဒီကနေ့ မနက်ပိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်၊ ဘုရားကြီးကုန်း ကျေးရွာဘက် စစ်အုပ်စု စစ်ကြောင်းထိုးလို့ ဘုရားကြီးကုန်းနဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ အအေးဒဏ်ကြားထဲ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
“ခု မနက်ကြီး ၆နာရီ ၅မိနစ်တွင် စစ်ကြောင်းလာသဖြင့် တရွာလုံးနှင့် ရွာအနီးအနားက ကျေးရွာများ မနက် စောစောစီးစီး ချမ်းချမ်းအေးအေး စစ်ရှောင်နေရ” လို့ ကျောက်ပန်းတောင်း လူငယ်ကွန်ရက်က ဆိုပါတယ်။
ဇန်နဝါရီ ၂၃ရက်ကလည်း အဲ့ဒီ ဘုရားကြီးကုန်းကျေးရွာကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့လို့ အိမ်ခြေ ၂၀ ကျော် ပြာကျပျက်စီးပြီး အိမ်ထောင်စု ၁၇ စု အိုးမဲ့အိမ်မဲ့ ဖြစ်ရတယ်လို့ ဆိုပါတယ်။
ဘုရားကြီးကုန်းကျေးရွာဟာ အိမ်ခြေ ၂၀၀ ခန့် ရှိပြီး စစ်အုပ်စုက ရွာကို စီးနင်းလုယက်ပြီးနောက် လေသင့်ရာ ရွာမြောက်ဘက်ပိုင်းက စပြီး နေအိမ်တွေကို မီးတင်ရှို့ ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက စလို့ ကျောက်ပန်းတောင်းနယ် အပါအဝင် ညောင်ဦးခရိုင်နဲ့ မိတ္ထီလာခရိုင်ရှိ မြို့၊ရွာတွေကို ပျူစောထီးနဲ့ ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် အင်အား ထောင်ချီ သုံးကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်ပန်းတောင်း၊ ငါ့သရောက်၊ မလှိုင်နဲ့ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ မဲပုံးမထောင်နိုင်တဲ့ ကျေးရွာတွေကို အဓိက ပစ်မှတ်ထားကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး နေ့စဉ်ရက်ဆက် လေကြောင်း ဗုံးကြဲနေတယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် အဲ့ဒီမြို့နယ်တွေအတွင်းရှိ ကျေးရွာတွေက ပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင် ထွက်ပြေး နေရပြီး စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်သလို စစ်ရှောင်ရင်း အရေပြား ရောဂါတွေ ဖြစ်ပွားတာကြောင့် ဆေးဝါးလည်း လိုအပ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။




ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – ကျောက်ပန်းတောင်းလူငယ်ကွန်ရက်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



