အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၆
မကွေးတိုင်း၊ သရက်ခရိုင် မင်းလှမြို့နယ်မှာ ဇန်နဝါရီလ ၂၆ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး အထိနာသွားတာကြောင့် ကျေးရွာတွေကို မွှေနှောက်သောင်းကျန်းနေတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)က သတင်းထုတ်ပြန်ပါတယ်။
မင်းလှမြို့နယ် စစ္စနို့ကျေးရွာမှာ လူထုစည်းရုံးရေးလုပ်ဆောင်နေတဲ့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)တပ်ဖွဲ့ဝင်တွေနဲ့ အဲဒီရွာအနီးက စစ်အုပ်စုစစ်ဆေးရေးဂိတ်မှာရှိတဲ့ ခန့်မှန်းအင်အား ၂၀ ခန့်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုလေးဦး သေဆုံးတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အဲဒီစစ်အုပ်စု စစ်ကြောင်းဟာ စစ္စနို့ကျေးရွာထဲကို ဝင်ရောက်တပ်စွဲနေပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂ နဲ့ ကပစ-၁၀ တို့က စစ်အုပ်စုကားတွေကလည်းတပ်ကူအဖြစ် အင်အားထပ်တိုးဖို့ထွက်လာနေတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA က ပြန်ကြားရေးတာဝန်ခံ ကိုသာချို က ပြောပါတယ်။
“စစ်ကြောင်းက အခုချိန်ထိရွာထဲမှာရှိပါသေးတယ်။ စစ်ကောင်စီအင်အားတွေက ကပစ-၂ နဲ့ ၁၀ ကတောင် ခွေးကားတွေ ထပ်တတ်လာပါတယ်၊စစ်ကောင်စီကြောင့် ဒီရွာသားတွေက မရှောင်ရပါဘူးဗျ သူတို့ စိုးမိုးထားတဲ့ရွာတွေဖြစ်ပါတယ်”
ဗမာပြည်ကာကွယ်ရေးတပ်-USBA က တပ်ဖွဲ့ဝင်တွေ စစ္စနို့ကျေးရွာထဲကိုရောက်ရှိနေချိန်မှာ စစ်အုပ်စုကို သတင်းပေးလို့ စစ်အုပ်စုက စီးနင်းတိုက်ခိုက်ဖို့ ကျေးရွာကို စစ်ကြောင်းထိုးလာတာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ္စနို့ကျေးရွာဟာ စစ်အုပ်စုအုပ်ချုပ်ရေးအောက်မှာရှိနေပြီး စစ်အုပ်စုကို အားပေးထောက်ခံသူတွေများတာကြောင့် စစ်အုပ်စုစစ်ကြောင်းက ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး လက်နက်ကြီးလက်နက်ငယ်တွေလည်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – ဗမာပြည်ကာကွယ်ရေးတပ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



