စစ်ကိုင်းသတင်း

ဝက်လက်နယ်မှာ စပါးပွဲစားတစ်ဦး ကျပ်သိန်း ၆၀၀နဲ့အတူ ဓားပြတိုက်သတ်ဖြတ်ခံရ၊

MN/MFP ၊ ဇန်နဝါရီ – ၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ စပါးပွဲစားလုပ်ကိုင်နေတဲ့ အမျိုးသားတစ်ဦး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က ငွေကျပ်သိန်း ၆၀၀နဲ့အတူ ဓားပြတိုက်လုယက်သတ်ဖြတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ငွေကျပ် သိန်း ၆၀၀ ကိုလုယက်ပြီး သေနတ်နဲ့ဦးခေါင်းကို ပစ်ခတ်ခဲ့တာကြောင့် စပါးပွဲစားလုပ်ငန်း လုပ်ကိုင်တဲ့ အသက် ၄၃နှစ်အရွယ် ကိုကျော်မင်းဦးဟာ နေရာမှာတင်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုကျော်မင်းဦးဟာ ဝက်လက်နယ်အနောက်ခြမ်းက ရွှေပန်းကုန်းရွာကို KPayကနေ ငွေသားသွားထုတ်ယူပြီးနောက် နေအိမ်ပြန်လာစဉ် လမ်းမှာဓားပြတိုက် လုယက်ခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူ့လုပ်ငန်းက စပါးပွဲစားလုပ်တာဆိုတော့ အဲဒီအခင်းဖြစ်တဲ့နေ့ မနက်ပိုင်းမှာ ရွှေပန်းကုန်းရွာဘက် ပိုက်ဆံသွားထုတ်တယ်လို့ သိရတယ်။ အဲဒီရွာမှာ တကယ်လည်း ပိုက်ဆံ သိန်း ၆၀၀ လာထုတ်သွားတယ်လို့ သိရတယ်။ နေ့ခင်းပိုက်ရောက်တော့ သူ့ရွာဖြစ်တဲ့ ကျီးကန်မြောက်ရွာကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန် လမ်းမှာ လုယက်ခံလိုက်ရတာ။ သူ့ရဲ့ ဦးခေါင်းကိုပါ သေနတ်နဲ့ပစ်ပြီးတော့ ပိုက်ဆံတွေ ယူသွားတာ။ ဘယ်အဖွဲ့ ဘယ်သူတွေက လုပ်တယ်ဆိုတာတော့ အခုထိ မသိရသေးဘူး။ သူ့ကိုတွေ့တဲ့အချိန်မှာ ကနဦးတုန်းက ဆိုင်ကယ်မှောက်တယ်ထင်နေကြတာ။ မိသားစုကို အကြောင်းကြားတာကလည်း ကိုကျော်မင်းဦး ဆိုင်ကယ်မှောက်နေတယ်ဆိုပြီးတော့ အကြောင်းကြားတာ။ အနီးနားရောက်မှ ဆိုင်ကယ်မှောက်တာမဟုတ်ဘဲနဲ့ ဓားပြတိုက်လုယက်ပြီး သေနတ်နဲ့ပစ်သတ်သွားတာဖြစ်နေတာ။ သူ့ကိုတွေ့တဲ့အချိန်မှာ သေဆုံးနေတဲ့ သူ့ရုပ်အလောင်းနဲ့ ဆိုင်ကယ်ကလစ်ဘီးရယ် တွေ့တာ။ ဆိုင်ယ်တူးဘောက်ထဲမှာကို နောက်ထပ်ပိုက်ဆံ သိန်း ၈၀ လောက် ပါသေးတယ်။ အဲဒီပိုက်ဆံကိုတော့ ဓားပြတိုက်လူသတ်သွားတဲ့သူက မသိလို့ယူမသွားတာထင်တယ်”လို့ ဝက်လက်နယ်ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ဓားပြတိုက်လုယက်ခံရပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ကိုကျော်မင်းဦးရဲ့ရုပ်အလောင်းကို လမ်းမှာ ဒေသခံတစ်ဦးက တွေ့ရှိခဲ့တာကြောင့် မိသားစုဝင်တွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ကနဦးမှာတော့ ဆိုင်ကယ်မှောက်တယ်လို့ ယူဆခဲ့ကြပေမဲ့ ရုပ်အလောင်းကိုတွေ့မှသာ ဓားပြတိုက်သတ်ဖြတ်ခံရတာကို သိရှိခဲ့ရတာလို့ သူကဆိုပါတယ်။

ဓားပြတိုက်လုယက်မှု ကျုးလွန်သူတွေကိုတော့ စုံစမ်းနေဆဲဖြစ်သလို ဝက်လက်မြို့နယ်ထဲမှာ ဓားပြတိုက်လုယက်မှုတွေနဲ့ လူသတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ကျူးလွန်သူတွေကိုတော့ အရေးယူဖမ်းဆီးနိုင်မှုမရှိတာကြောင့် လုံခြုံရေးအခြေအနေကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button