အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၈
မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦးဒေသကို ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်အုပ်စုနဲ့ပျူစောထီးပူးပေါင်းထားတဲ့ စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်ကာ နေအိမ်တွေကို မိးရှို့ဖျက်ဆီးပြီးဒေသခံပြည်သူ ငါးထောင်ခန့်စစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
တောင်ဇင်းရဲစခန်းက စစ်အုပ်စုစစ်ကြောင်းတစ်ကြောင်း တက်မရေနံမှော်က ဆင်းလာတဲ့စစ်အုပ်စုစစ်ကြောင်းတစ်ကြောင်းနဲ့ နှစ်ကြောင်းခွဲထိုးကာ ညောင်ဦးနယ်အနောက်ခြမ်းကို ဦးတည်စစ်ကြောင်းထိုးလာသလို ကျောက်ပြင်ကန်ကျေးရွာနဲ့ပွဲတိုင်းကျေးရွာတို့ကို ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ညောင်ဦးနယ် အနောက်ခြမ်းက ဒေသခံပြည်သူ ငါးထောင်ခန့်က စစ်ဘေးရှောင်ထွက်ပြေးနေကြရပြီး ဒီနေ့နေ့လယ်မှာလည်း ကျောက်ပြင်ကန်ကျေးရွာကို စစ်အုပ်စုစစ်ကြောင်းက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုကျောက်ပြင်ကန်ကို မီးရှို့လို့၊ဒီဘက်ကရွာတွေကတော့ မရှိတော့ပါဘူး၊မနေ့က ပွဲတိုင်းအလယ်ရွာ တစ်ရွာလုံးလည်း ကုန်ပြီး ကျောက်ပြင်ကန်ကလည်း ဒါရောဆိုရင် လေးပြန်ရှိပြီး မီးရှို့တာက။ဇီးစမြင်လည်း ကုန်ပြီ၊ကျအိုလည်း ကုန်ပြီ၊မီးလောင်ဖျားလည်း ကုန်ပြီ”
စစ်ကြောင်းတွေကြောင့် မီးလောင်ဖျား တောင်ရွာ ၊မီးလောင်ဖျား မြောက်ရွာ၊ကျောက်ပြင်ကန်ကျေးရွာ၊မြောင်ကျေးရွာ ချောင်းရှည်ကျေးရွာ၊ အနောက်အုံကျေးရွာ၊ ဇီးစမြင်
အနောက်ရွာနဲ့ ပွဲတိုင်းရွာသစ်ကျေးရွာ စတဲ့ ကျေးရွာ ဆယ်ရွာခန့်က ဒေသခံပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
ဒါ့အပြင် စစ်အုပ်စုစစ်ကြောင်းတွေက မကြာခဏစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတောင်သူတွေက တောင်သူအလုပ်ကို မလုပ်ရဘဲ စစ်ဘေးရှောင်ထွက်ပြေးနေရတာကြောင့် စားဝတ်နေရေးတွေပါ ခက်ခဲလာတယ်လို့ ဆိုပါတယ်။
“တောင်သူက ဘာမှ ကို မလုပ်ရဘူး၊လုပ်မယ်ကြံလိုက် စစ်ကြောင်းလာလို့ ပြေးလိုက်နဲ့ ဘာမှမလုပ်ရဘူး၊ဈေးသည်လေးတွေ ဈေးရောင်းဖိုးကလည်း ခွေးဂိတ်တွေက လမ်းတွေပိတ်ထားလို့ မသွားရနဲ့ အဲလိုဖြစ်နေကြတယ်”
ညောင်ဦးနယ် အနောက်ခြမ်းက ကျေးရွာတွေဟာ တောင်ယာစိုက်ပျိုးရေးနဲ့ထန်းလုပ်ငန်းတွေကို အများဆုံးလုပ်ကိုင်ကြတာဖြစ်ပြီး စစ်ကြောင်းတွေကြောင့် မကြာခဏနေရပ်
စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် တောင်ယာလုပ်ငန်းတွေကို မလုပ်ကိုင်နိုင်တော့ဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းတွေ ဆက်တိုက်ထိုးပြီး နေအိမ်တစ်ရာခန့် မီးရှို့ဖျက်ဆီးခံထားရတာကြောင့် ဒေသခံတွေဟာ ဖြစ်သလိုနေထိုင်နေကြရပြီး စားဝတ်နေရေးလည်း ခက်ခဲကာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ-ကျောက်ပြင်ကန်ရွာကို မီးရှို့ဖျက်ဆီးသွားစဉ်(ပုံဟောင်း)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



