အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၉
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်က ဇန်နဝါရီလ ၂၈ ရက်မှာ မကျီးကုန်းကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးကာ ထိန်ကန်ကျေးရွာက ပြည်သူနှစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
ချောက်မြို့ပေါ်ကနေ ထွက်လာတဲ့ ခန့်မှန်းအင်အား ၁၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ကိုင်းထောက်ကန်ကျေးရွာကတဆင့် မကျီးကုန်းကျေးရွာကို ဝင်ရောက်ကာ နေအိမ် ၁၅၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာလုံးကျွတ်နီးပါးပါဘဲ ၁၅၀ လောက်ရှို့သွားတာဆိုတော့၊ရွာတော့ ပြန်နေလို့ မရတော့ဘူးဗျ၊နေစရာအိမ်မရှိတော့လို့ ဘေးမှာပဲ ကပ်နေကြရတာပေါ့”
မကျီးကုန်းကျေးရွာမှာ နေအိမ် ၁၇၀ လူဦးရေ ၅၀၀ကျော်နေထိုင်တဲ့ ကျေးရွာကြီးဖြစ်ပြီး စစ်အုပ်စုစစ်ကြောင်းက နေအိမ် ၁၅၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားတာကြောင့် ရွာလုံးကျွတ်နီးပါး မီးရှို့သွားတာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ထိန်ကန်ကျေးရွာကို စစ်ကြောင်းဆက်ထိုးပြီးနောက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိန်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသလို ပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်ပြီး ဒီနေ့မနက်မှာတော့ ချောက်မြို့ပေါ်ကို ထွက်ခွာသွားတယ်လို့ ပြောပါတယ်။
စစ်အုပ်စုစစ်ကြောင်းတွေကြောင့် မကျီးကုန်းကျေးရွာ၊ထိန်ကန်ကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူ တစ်ထောင်ကျော်ခန့် စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။
ဓာတ်ပုံ – CJ၊
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



