မန္တလေးသတင်း

မန္တလေး မဟာမုနိဘုရားကြီး ထီးတော်တင်ပွဲ ကျင်းပနေချိန် ဘုရားဂေါပကဥက္ကဌ ရုတ်တရက် လဲကျ ကွယ်လွန်၊

ဂျီဂျီ/ MFP၊ ဇန်နဝါရီ – ၃၁

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ် – ဘုရားကြီး ထီးတော်တင်လှူပူဇော်ပွဲ ကျင်းပနေချိန် ဘုရားဂေါပက ဥက္ကဌ ဦးမြဝင်း ရုတ်တရက် လဲကျ ကွယ်လွန်တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက် ဒီကနေ့ မနက်အစောပိုင်း မဟာမုနိဘုရားကြီး ဘုံခြောက်ဆင့် ကျောင်းဆောင်တော် ထီးတော်တင်ပွဲ ကျင်းပနေချိန် မနက် ၇ နာရီခန့်မှာ ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဌ ရုတ်တရက် ကွယ်လွန်တာ ဖြစ်ပါတယ်။

ဦးမြဝင်းဟာ အသက် ၇၅ နှစ်အရွယ်၊ နှလုံးစက်တပ်ထားရသူဖြစ်ကာ ရုတ်တရက် ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး ဘာကြောင့်ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။

ဦးမြဝင်းဟာ အာဏာသိမ်း စစ်အုပ်စုက ခန့်အပ်ထားတဲ့ ဘုရားကြီးဂေါပက ဥက္ကဌ ဖြစ်ပြီး ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) အစိုးရခေတ်ကလည်း ဘုရားကြီးဂေါပကအဖွဲ့မှာ ပါဝင်ခဲ့ဖူးသူ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဟာ ကျပ်သိန်းသောင်းချီတဲ့ ဘုရားပိုင်ဘဏ္ဍာငွေ ငွေကြေးတွေနဲ့ ဘုရားပိုင်မြေနေရာ၊ အဆောက်အအုံတွေကို စီမံခန့်ခွဲ၊ သုံးစွဲရတဲ့ အဖွဲ့ဖြစ်ပါတယ်။

မဟာမုနိ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်ကနေ ဖေဖော်ဝါရီ ၉ ရက်အထိ ကျင်းပနေတာ ဖြစ်ပြီး ပွဲတော်မှာ ပဌာန်းပွဲ၊ တရားပွဲ၊ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ဇာတ်ပွဲတွေ ထည့်သွင်း ကျင်းပနေတာ ဖြစ်ပါတယ်။

ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နဲ့အတူ ငလျင်ကြောင့် ပျက်စီးထိခိုက်ခဲ့တဲ့ ဘုရားထီးတော်တင်ပွဲကိုလည်း ကျင်းပနေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၅ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မဟာမုနိဘုရားကြီးရဲ့‌ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်၊ ကျောင်းတော်ကြီး၊ ပြတိုက်၊ စောင်းတန်း၊ မုခ်ဦးပြဿာဒ် စတာတွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဘုရားဂေါပကအဖွဲ့က ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်ကြောင့် ဘုရားကြီးပရဝုဏ်အတွင်း ဘုရားဖူးလာတဲ့ ပြည်သူနဲ့ စျေးရောင်းချတဲ့ စျေးသည် လေးဦး ထက်မနည်းလည်း သေဆုံးခဲ့ပါတယ်။

မန္တလေးမြို့ မဟာမုနိဘုရားကြီး ထီးတင်ပွဲကျင်းပနေချိန် ရုတ်တရက် ကွယ်လွန်တဲ့ ဂေါပက အဖွဲ့ ဥက္ကဌ ဦးမြဝင်း/Photo – ဂေါပကအဖွဲ့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button