
ရွှေဥ /MFP၊ ဖေဖေါ်ဝါရီ – ၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေး ရရှိဖို့ ဆန္ဒပြ တောင်းဆိုသူ အမျိုးသမီး ၂၀၀ ထဲက အမျိူးသမီး ၁၅ ဦးကို အာဏာသိမ်း စစ်အုပ်စု ထောင်တာဝန်ရှိသူတွေက တိုက်ပိတ်ထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ကလေးမြို့ အကျဉ်းထောင်မှာ အာဏာသိမ်း စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခြင်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ ၂၀၀ ဝန်းကျင်က ဒီမိုကရေစီရရှိရေး၊ အမှုကြီးကိုးမှု ပယ်ကာ ဖျက်သိမ်းရေး၊ အကျဥ်းသား/ အကျဉ်းသူ တန်းတူအချိုး ရရှိရေး၊ အာဏာရှင် အဖွဲ့အစည်း မှန်သမျှ ကျရှုံးရေး စတာတွေကို ဖေဖေါ်ဝါရီ ၁ရက် ဒီကနေ့ မနက်ပိုင်း ဆန္ဒပြ တောင်းဆိုရာမှာ စစ်အုပ်စု ထောင်အာဏာပိုင်တွေက ဦးဆောင်သူ အမျိုးသမီး ၁၅ဦးကို တိုက်ပိတ်လိုက်တာ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ဆန္ဒပြမှု ဖြစ်ပြီးတော့ တိုက်ပိတ်ခံလိုက်ရတယ်လို့ သိရတယ်။ ၁၅ဦး တိုက်ပိတ်ခံရတာပါ”
ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံရေး အကျဉ်းသူတွေကို အလုပ်ကြမ်း ခိုင်းစေတာ၊ ဆေးဝါးကုသခွင့် မပေးတာ၊ အလုပ်မလုပ်နိုင်သူတွေကို ငွေကြေး မတရား တောင်းဆိုတာတွေ ရှိပြီးတော့ ဒီလို စစ်အုပ်စု ကျူးလွန်နေတဲ့ မတရားမှုကို ဆန့်ကျင်ကန့်ကွက်ကာ အကျဉ်းသားအခွင့်အရေး ရရှိဖို့ ဆန္ဒပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့ ကျူးလွန်တဲ့ မတရားမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို တိုက်ပိတ်ကာ ညှဉ်းပန်းလေ့ရှိပြီး ယခု တိုက်ပိတ်ခံလိုက်ရတဲ့ အကျဉ်းသူ ၁၅ ဦးကိုလည်း အသက်အန္တရာယ် ကျရောက်သည်အထိ ညှဉ်းပန်းနှိပ်စက်မှာကို စိုးရိမ်ရတယ်လို့ စစ်အုပ်စုရဲ့ အမှုဆင်ဖမ်းဆီး ထောင်ချခံရပြီး ပြီးခဲ့တဲ့ လတွေအတွင်း ကလေးမြို့ ထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့သူ နိုင်ငံရေးအကျဉ်းသူ တစ်ဦးက MFP ကို ပြောပါတယ်။
“ကလေးထောင်ကတော့ အမျိူးသမီးတွေကို အလုပ်ကြမ်းတွေ ခိုင်းတာ ရှိတယ်။ ရေဆိုရင်လည်း မကောင်းတာ သောက်ရတာ ရှိတယ်။ ဝဲတွေလည်း ပေါက်နေကြတယ်လို့ သိရတယ်။ အခုလို တိုက်ပိတ် လိုက်တော့ စိုးရိမ်ရတယ်”
ကလေးမြို့ အကျဉ်းထောင်မှာ အာဏာသိမ်းကာလ စစ်အုပ်စုက အမှုဆင် ဖမ်းဆီး ထောင်ချထားတဲ့ နိုင်ငံရေး အကျဉ်းသား ၁၀၀၀ ဝန်းကျင် ရှိပြီး ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသမှု မရလို့ သေဆုံးသူ လေးဦး၊ ထောင်တွင်းဆန္ဒပြလို့ စစ်အုပ်စုရဲ့ သေနတ်နဲ့ ပစ်သတ်ခြင်းခံရသူ ၁၃ ဦး ရှိတယ်လို့ ကလေးမြို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းကာလ ငါးနှစ်အတွင်း နိုင်ငံတဝန်း စစ်အုပ်စုက သတ်ဖြတ်လို့ သေဆုံးရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ အရပ်သား ပြည်သူ စုစုပေါင်း ၇၇၃၈ ဦး ရှိကာ စစ်အုပ်စုက ဖမ်းဆီးခဲ့သူ ၃၀,၃၅၇ ဦး ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ချိန်ကနေ ၂၀၂၆ ဇန်နဝါရီ ၃၁ရက်မှာ ထုတ်ပြန်ထားပါတယ်။ စစ်အုပ်စုရဲ့ ဖမ်းဆီးခံရသူ ၃၀,၃၅၇ ဦးထဲမှာ တချို့တဝက် ပြန်လွတ်ပြီး ၂၂၇၆၇ ဦးက ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ AAPP က ဆိုပါတယ်။ AAPP ဟာ စစ်အုပ်စု ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်မှတ်တမ်းပြုစု ဖော်ပြနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ကလေးမြို့ အကျဉ်းထောင်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



