စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

အာဏာသိမ်း ငါးနှစ်ပြည့်ချိန် တော်လှန်ရေး အရှိန်မြှင့်ဖို့ စစ်ကိုင်းတိုင်း သပိတ်အင်အားစုတွေ ဆန္ဒပြတိုက်တွန်း၊

သုထက်/MFP၊ ဖေဖော်ဝါရီ – ၁

စစ်အာဏာသိမ်းကာလ ငါးနှစ်ပြည့်ချိန် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ် ဖော်ဆောင်နိုင်ရေးအတွက် နွေဦးတော်လှန်ရေးကို အရှိန်မြှင့်ဖို့ “တော်လှန်ဒီရေ မြင့်သစ်သို့ ” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ စစ်ကိုင်းတိုင်းရှိ သပိတ်အင်အားစုတွေ ဆန္ဒပြတိုက်တွန်း ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ ရွှေဘို၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဝက်လက်၊ အရာတော်၊ ချောင်းဦး၊ ဘုတလင်နဲ့ မြောင်နယ်တွေမှာ သပိတ်အင်အားစုတွေက “တော်လှန်ဒီရေ မြင့်သစ်သို့ ” ဆိုတဲ့ စာသားကိုင်စွဲပြီး လမ်းဆုံလမ်းမ၊ စျေးနဲ့ စစ်အုပ်စု ဂိတ်စခန်းတွေအနီး လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုရဲ့ နည်းမျိုးစုံသုံး ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ကာ တော်လှန်ရေး ငါးနှစ်တာကာလကို ပူးပေါင်းပါဝင်ခဲ့တဲ့ ပြည်သူလူထုကို ကျေးဇူးတင်ကြောင်းနဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံး စုစည်းညီညွတ်မှုနဲ့ တော်လှန်ရေးအရှိန်မြှင့်ဖို့ ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် လူအင်အား မများဘဲ ရတဲ့လူအင်အားနဲ့ တော်လှန်ရေးအရှိန်မြှင့်ဖို့ ဆန္ဒပြတိုက်တွန်း ဆော်ဩကြတာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသ လူထုလှုပ်ရှားမှု သပိတ်အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

“အဓိက ပြည်သူတွေကို အသိပေးနှိုးဆော်တာပါပဲ၊ လူထုကိုလည်း လမ်းပေါ်ဆွဲတင်လို့ မဖြစ်ဘူးလေ၊ စစ်ကောင်စီက လေကြောင်း အားကြီး သုံးနေတော့ လူအင်အားနဲနဲနဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ရတာ ဖြစ်တယ်”

စစ်အုပ်စုဟာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို နည်းမျိုးစုံသုံးကာ ဖိနှိပ်နေပြီး ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ အရပ်သား ပြည်သူ ၈,၀၀၀ နီးပါး သတ်ဖြတ်ပြီး ဖြစ်သလို လူ ၃၀,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ဖြစ်ကာ နိုင်ငံတဝန်းရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၀၀,၀၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ – ရွှေဘို၊ မုံရွာ၊ ဘုတလင်နဲ့ ယင်းမာပင်-ဆားလင်းကြီး သပိတ်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button