စစ်ကိုင်းသတင်း

မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုးကြောင့် နာဂတိုင်းရင်းသား နေအိမ် ၁၀၀၀ ခန့် ရွှေ့ပြောင်းရဖို့ ကြုံနေ၊

နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးမခတ်ဖို့ နာဂတိုင်းရင်းသားတွေ ကန့်ကွက်၊

ကိုသူ/MFP ၊ ဖေဖေါ်ဝါရီ-၂

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ညှိုနှိုင်းကာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသ နယ်စပ်တလျှောက်မှာ အိန္ဒိယနိုင်ငံဘက်က ခြံစည်းရိုးကာရံနေတဲ့အတွက် နေအိမ် ၁၀၀၀ ခန့် ရွှေ့ပြောင်းရမယ့် အခြေအနေ ကြုံနေရကာ နာဂတိုင်းရင်းသားတွေက ကန့်ကွက်နေကြတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက MFP ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာက စတင်ကာ မြန်မာ -အိန္ဒိယ နယ်နိမိတ်၊ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ခွဲ၊ ပန်ဆောင်မြို့ရှိ မှတ်တိုင် အမှတ် -၁၇၂ နဲ့ ၁၇၃ ကြားမှာ အိန္ဒိယနိုင်ငံဘက်က နယ်စပ် ခြံစည်းရိုး ကာရံနေတာဖြစ်ပါတယ်။

အဲ့ဒီခြံစည်းရိုးကြောင့် နယ်စပ်မျဉ်းပေါ်မှာရှိနေတဲ့ နာဂတိုင်းရင်းသားတွေရဲ့ အိုးအိမ် ၁,၀၀၀ ခန့် ရွှေ့ပြောင်းပေးရမဲ့ အခြေအနေ ကြုံနေရတာပြီး အိန္ဒိယရော မြန်မာဘက်ကပါ ဒေသခံ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာ မရှိဘဲ နာဂတိုင်းရင်းသားတွေက ခြံစည်းရိုး မခတ်ဖို့ ကန့်ကွက် တောင်းဆိုမှုတွေ ရှိတယ်လို့ ညီညွတ်သော တန်ရှန်းနာဂကောင်စီ ဥက္ကဌ -ဦးချစ်ယောင်းက ပြောပါတယ်။

“အကြမ်းဖျင်း သိရသလောက်တာကတော့ ၁ဒဿမ၇ ကီလိုမီတာတော့ ရှိသွားပြီပေါ့။ သူတို့ လမ်းကြောင်း ပေါက်နေတာ၊ ခြံစည်းရိုးတိုင် စိုက်တာက မီတာ ၈၀၀၊ ၉၀၀ ဝန်းကျင်လောက် ရှိနေလောက်ပြီ၊ အဲ့လို မှန်းကြတာပေါ့။ သွားတိုင်းတာက မလုပ်နိုင်တော့လေ၊ သူတို့က တိုင် စစိုက်နေပြီပေါ့၊ မီတာ ၈၀၀ နီးပါး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒေသခေါင်းဆောင်လို့ပဲ ပြောပြော၊ ပြည်သူလူထုနဲ့ တစ်ခါမှ တွေ့ဆုံ ဆွေးနွေးတာ မရှိဘူး၊ သဘောထား ရယူတာလည်း မရှိခဲ့ဘူး။ ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့တော့ ဘယ်အစိုးရမဆို၊ နှစ်ဘက်သော အစိုးရတွေကို ဒါတွေက ဒီလိုမျိုး ဖြစ်နေတာ၊ အစိုးရတွေ အားလုံး မြင်နေတာပဲဆိုတော့ ကိုယ့်နိုင်ငံ စီမံအုပ်ချုပ်မှု ဘယ်လိုပဲ ရှိနေပါစေ၊ ကျနော်တို့မိသားစုကို ခြံစည်းရိုးနဲ့ အဟန့်အတားအဆီး ပုံစံနဲ့ နိုင်ထက်စီးနင်း လုပ်တဲ့ပုံစံတော့ မလုပ်ပါနဲ”

ခြံစည်းရိုးကာရံနေတာကြောင့် ပေ ၂၀၀ ဝန်းကျင် နေအိမ်တွေ ပြောင်းရွှေ့ နောက်ဆုတ်ပေးရမယ့် အခြေအနေ ကြုံနေရတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်မှာ ခွပြီး နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေက ခြံစည်ရိုးမခတ်ဖို့ မြန်မာဘက်ခြမ်း၊ ပန်ဆောင်မြိုဈေးမှာ ဇန်နဝါရီလ ၂၀ ရက်နဲ့ ၂၁ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြပေမဲ့ အိန္ဒိယနိုင်ငံ နယ်စပ်ဂိတ်စောင့်တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်တပ် (Assam Rifles) က တားဆီးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒေသခံ နာဂတိုင်းရင်းသားပြည်သူတွေရဲ့ ကိုယ်စား နယ်စပ်ခြံစည်းရိုးမခတ်ဖို့ ကန့်ကွက်ဆန္ဒပြတာ ဖြစ်တယ်လို့ နာဂ တိုင်းရင်းသား စည်လုံးရေးအဖွဲ့ ဥက္ကဌ ဦးကျင်းဆောင်က MFP ကို ပြောပါတယ်။

“ခြံစည်းရိုး ခတ်ဖို့က အစီအစဉ်ကတော့ ရှိတယ်။ ဘေးက အိမ်တွေက ရွှေ့ခိုင်းအုံးမှာ၊ မခတ်သေးတာ၊ အခုက သူတို့က နယ်နမိတ် သေခြာလည်း မသတ်မှတ်သေးဘူး။ သွားလာရေးတွေက အကုန် နှောင့်နှေးကုန်မှာ၊ သူတို့ နီးတဲ့နေရာတွေက ပေ၂၀၀ ဝန်းကျင်လောက်ကို နောက်ဆုတ်ပေးရလိမ့်မယ်။ အိမ်ခြေ ၁၀၀၀ နီးပါး ပါလိမ့်မယ်”

မြန်မာ -အိန္ဒိယ နှစ်နိုင်ငံဟာ ယခင်ကာလတွေကတည်းက ညီအစ်ကိုရင်းပမာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာ ဖြစ်ပြီး နှစ်နိုင်ငံ မိသားစုဝင်တွေ ကန့်သတ်ခံရမယ့် အခြေအနေတွေ ရှိလာနိုင်မဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ယဉ်ကျေးမှုတွေ ထိခိုက်လာနိုင်သလို စားနပ်ရိက္ခာတွေလည်း ပြတ်လပ်လာနိုင်တယ်လို့ နန်းယွန်းမြို့မှာနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ နာဂလူမျိုးတွေဆိုရင် နန်းယွန်းဘက်က နာဂဌာနေ တိုင်းရင်းသားတွေ ဆိုလို့ရှိရင် မိသားစုဝင်တွေက ဟိုဘက်ဒီဘက် (နှစ်နိုင်ငံနယ်စပ်) ရှိကြတယ်။ ရှိကြတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ အခြေအနေတွေက ပွင့်ပွင့်လင်းလင်း မရှိတော့ ကျနော်တို့ မိသားစုတွေ တွေ့ဆုံတဲ့ အခါဖြစ်ဖြစ် ဒါမှမဟုတ် တစ်နိုင်တစ်ပိုင် စားဝတ်နေရေး၊ ဆီ၊ ဆန်၊ ဆား သွားဝယ်တာက ဖြစ်ဖြစ်၊ သူတို့ဘက်ကနေတဆင့် သွားဝယ်ကြရတာ၊ သူတို့ ခြံစည်းရိုး ကာလိုက်ရင် မိသားစုတွေ တွေ့လို့မရတဲ့ အခြေအနေမျိုး။ ဆီ၊ဆန်၊ဆားလေးတွေ လိုအပ်တာ သွားဝယ်၊ ဆေးဝါးတွေ သွားဝယ်တဲ့အခါ ခက်ခဲလာမှာ‌ပေါ့ “

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခြံစည်းရိုးကာရံမှုဟာ ဒေသခံတွေရဲ့နေ့စဉ်နေထိုင်မှု ဘ၀တွေမှာ ခက်ခဲမှုတွေနဲ့ မလိုလားအပ်တဲ့ အခြေအနေတွေသာ ကြုံတွေ့လာရနိုင်တာကြောင့် နှစ်နိုင်ငံတာဝန်ရှိသူတွေနဲ့ ဒေသခံ ပြည်သူတွေရဲ့ ဆန္ဒတွေကို လေးစားလိုက်နာသင့်တယ်လို့ ညီညွတ်သောတန်ရှန်းနာဂကောင်စီက တိုက်တွန်းပါတယ်။

မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ဟာ နယ်နိမိတ်ချင်း ၁,၆၄၃ ကီလိုမီတာ ထိစပ်နေတာ ဖြစ်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ဟာ အိန္ဒိယနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ လက်ရှိမှာ အဲ့ဒီ နှစ်နိုင်ငံ နယ်နမိတ်ကို အိန္ဒိယဘက်က ခြံစည်းရိုးခတ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးခတ်မဲ့ အစီအစဉ် ကန့်ကွက်ဆန္ဒပြနေတဲ့ နာဂ တိုင်းရင်းသားတချို့/Photo – ညီညွတ်သောတန်ရှန်းနာဂကောင်စီ (United Thangshang Naga Council)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button