စစ်ကိုင်းသတင်း

စစ်အုပ်စု ရန်ကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ စပါးနဲ့ ပဲစင်းငုံစိုက်ခင်း ဧကထောင်ချီ မရိတ်သိမ်းနိုင်၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၂

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့၊ရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ ရန်ပြုနေတာကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေ အသက်လု ထွက်ပြေးနေရပြီး စိုက်ပျိုးထားတဲ့ စပါးနဲ့ ပဲစိုက်ခင်း ဧက ထောင်နဲ့ချီကာ မရိတ်သိမ်းနိုင်ကြဘဲ ဆုံးရှုံးနစ်နာမှု များပြားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စု စစ်ကြောင်းထိုး ရန်ပြုနေလို့ စစ်ကိုင်းတိုင်းအတွင်း ဝက်လက်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကလေး၊ ရွှေဘိုစတဲ့ မြို့နယ်တွေရှိ ကျေးရွာတွေ စစ်ဘေးရှောင်ထွက်ပြေးရပြီး စိုက်ပျိုးထားတဲ့ ဧကထောင်ချီတဲ့ စပါးခင်းနဲ့ ပဲစင်းငုံ၊ မြေပဲ၊ နှမ်းစတဲ့ စိုက်ခင်းတွေ မရိတ်သိမ်းနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း စစ်အုပ်စုက အင်အား ၃၀၀ ကျော်နဲ့ နှစ်ဖွဲ့ခွဲကာ လနဲ့ချီကြာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးလို့ ဝက်လက်နယ် အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ရှိန်းမက္ကား၊ မခေါက်၊ မလား၊ ငါးရယ် စတဲ့ ကျေးရွာတွေ အပါအဝင် ဝက်လက် – ကျောက်မြောင်း အမှတ် ၃ ခရိုင်ချင်းဆက် လမ်းမကြီးပေါ်ရှိ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ ဧက ‌ထောင်ချီတဲ့ သီးနှံစိုက်ခင်းတွေ မရိတ်သိမ်းနိုင်ဘဲ မျိုးစေ့တောင် ပြန်ဝယ်ရမယ့် အခြေအနေ ရှိတယ်လို့ ဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

“စပါးတော့ မပါဘူးဗျ။ ပဲစင်းငုံ ပါမယ်။ မြေပဲတို့ နှမ်းတို့။ မခေါက်၊ မလားကနေ တောင်ဘက် တကြော ရှိန်းမက္ကား အထိပေါ့၊ အဲ့နားရှိတဲ့ ရွာစဉ်တွေကတော့ လမ်းအနောက်ဘက်တော့ မပါဘူး၊ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းရယ်၊ အဲ့ဒီ တကြောလုံးကတော့ (ရွာထဲပြန်ဝင်ပြန်ကပ်လို့) ကပ်လို့လည်း မရဘူး၊ စိုက်ပြီးသား ပျိုးပြီးသားတွေ ပစ်ထားရတာပေါ့”

စစ်ကိုင်းတိုင်းအတွင်းရှိ တောင်သူတွေ အနေနဲ့ မိုးသီးနှံအဖြစ် စိုက်ပျိုးတဲ့ စပါးနဲ့ ပဲမျိုးစုံကို ဆောင်းနှောင်းနဲ့ နွေဦးပေါက်ကာလ ဖြစ်တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေအတွင်း ရိတ်သိမ်းကြတာ ဖြစ်ပါတယ်။

အထက်ပါ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တွေထဲ စစ်အုပ်စုက မြေပြင် စစ်ကြောင်းထိုး ရန်ပြုရု့မက ဝေဟင်လေကြောင်းကနေ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ပါရာမော်တာ – စက်တပ်လေထီး၊ ဒရုန်း စတာတွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးထုတာတွေကြောင့် ဒေသခံပြည်သူတွေ ကိုယ့်ရပ်ကိုယ့်ရွာမှာ မနေဝံ့ဘဲ စစ်ဘေးရှောင် ထွက်ပြေးရကာ စိုက်ပျိုးထားတဲ့ စပါးနဲ့ ပဲစိုက်ခင်းတွေ အချိန်မီ မရိတ်သိမ်းနိုင်ဘဲ ရင့်မှည့်ပျက်စီးတာ ဖြစ်တယ်လို့ ဝက်လက်နယ်ခံ တောင်သူတွေက ပြောပါတယ်။

အလားတူ ကလေးမြို့နယ်အတွင်းရှိ မှန်တော၊ ကြံသာ၊ ဟံသာဝတီ၊ ထောက်ကြန့်၊ နတ်ချောင်း၊ နတ်မြောင်း၊ အင်းကျွန်း၊ ကျောက်ပြုတ် စတဲ့ ကျေးရွာမှာလည်း စစ်အုပ်စု ရန်ကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ လယ်ဧက ထောင်ချီ မရိတ်သိမ်းရဘဲ အရှုံးပေါ်ခဲ့တယ်လို့ ဒေသခံ တောင်သူတစ်ဦးက MFP ကို ပြောပါတယ်။

“လယ်တွေက မရိတ်ရဘူး၊ စစ်ကြောင်းထိုးလိုက်၊ ရှောင်လိုက်ဆိုတော့ စပါးတွေက ထောက်ကြန့်မှာဆို သူတိုက (စစ်အုပ်စု)က ရိတ်သွားတယ်။ အခုကတော့ ဘာသာရေး ဆရာတွေက စစ်တပ်နဲ့ ညှိပေးတယ်။ တောင်သူတွေ ပြန်ရိတ်ဖို့၊ ဒါပေမယ့် စစ်ကြောင်းထိုးရင် သေနတ်နဲ့ ပစ်လို့ သွားမရိတ်ရဲကြဘူး”

စစ်အုပ်စု ကြီးစိုးရာ စစ်ကိုင်းတိုင်းရဲ့ မြို့တော်၊ မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်တဖက်ကမ်းရှိ ယင်းမာပင်ခရိုင်ထဲက ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေမှာလည်း စစ်အုပ်စု စစ်ကြောင်းထိုးကာ ရန်ပြုသတ်ဖြတ်လို့ လယ်ဧက ထောင်ချီ မရိတ်သိမ်းရဘဲ  လေကြောင်းအန္တရာယ်ကြောင့်လည်း ပြည်သူတွေ ရွာထဲပြန်ဝင်လိုက်၊ ထွက်ပြေးလိုက် လုပ်နေရတယ်လို့ ယင်းမာပင်မြို့နယ်ခံ တောင်သူတစ်ဦးဖြစ်တဲ့ ကိုဖိုးအဲက ပြောပါတယ်။

“ပုလဲနယ် တစ်နယ်ပါပဲဗျ၊ ကျနော်တို့ ယင်းမာပင်ခရိုင်မှာတော့ လယ်ကောင်းကောင်း မလုပ်ရတာ၊ ရောင်းဝယ်ဖောက်ကားလို့ မရတာ၊ လတ်တလောက်ပိုင်းမှာ ၁၂ လပိုင်းနဲ့  ၁လပိုင်း အကုန်က ယင်းမာပင် အနောက်ခြမ်း၊ ဆားလင်းကြီးမြောက်ခြမ်း စစ်ကြောင်းခဏ ခဏထိုးတယ်၊ မနေ့ကဆို လေကြောင်း တိုက်ခိုက်မှု လုပ်တယ်”

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း နိုင်ငံတဝန်းရှိ မြို့၊ရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လေကြောင်းအသုံးပြု တိုက်ခိုက်မှု ၄,၇၅၀ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ အရပ်သား ပြည်သူ ၅,၁၈၈ ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အများပြည်သူဆိုင်ရာ အဆောက်အဦ ၁,၂၇၂ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဖေဖေါ်ဝါရီ ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲနဲ့ ဝက်လက်နယ်က စစ်ဘေးရှောင်ပြည်သူတွေ/Photo – ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button