စစ်ကိုင်းသတင်း

ကနီနယ် စစ်ရှောင်တဲတွေကို တိုက်လေယာဉ်၊ Y-12၊ စက်တပ်လေထီးတွေနဲ့ တပြိုင်တည်းဗုံးကြဲ၊

တစ်နာရီအတွင်း ၁၅ကြိမ် ဗုံးကြဲခံရ၊

သုထက်၊ ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ စစ်ရှောင်တဲတွေကို အာဏာသိမ်း စစ်အုပ်စုက မနေ့က ညနေပိုင်းအချိန် တိုက်လေယာဉ် နှစ်စီး အပါအဝင် လေယာဉ် အမျိုးအစား အစုံနဲ့ တစ်နာရီ အတွင်း ၁၅ကြိမ်အထိ လာရောက် ဗုံးကြဲခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အာဏာသိမ်းမှု ငါးနှစ်ပြည့်ဖြစ်တဲ့ ဖေဖေါ်ဝါရီ ၁ရက် ညနေပိုင်းမှာ ကနီနဲ့ ယင်းမာပင်မြို့နယ်အစပ်၊ မိုးကောင်းကျေးရွာ အနီးတဝိုက်ရှိ စစ်ရှောင်တဲနေရာ‌တွေကို စစ်အုပ်စုက တိုက်လေယာဉ်နှစ်စီးနဲ့ သုံးကြိမ်၊ Y-12 လေယာဉ် တစ်စီးနဲ့ ခြောက်ကြိမ်၊ Paramotor – စက်တပ်လေထီး သုံးစီးနဲ့ သုံးကြိမ်၊  ဂျိုင်အိုကော်ပရာ – Gyrocopter တစ်စီးနဲ့ တစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“လေကြောင်းက တစ်နာရီအတောအတွင်း ဆက်တိုက် ပစ်သွားတာ၊ တဲတစ်လုံး မီးလောင်သွားတယ်။ လူတွေတော့ အထိအခိုက် မရှိဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက MFP ကိုပြောပါတယ်။

လူနေကျဲပါးတဲ့ တောတုက်စစ်ရှောင်တဲတွေ အဓိကပစ်မှတ်ထား ဗုံးကြဲခံရကာ အချိန်မီ ရှောင်တိမ်းနိုင်လိုက်လို့ လူသူ အထိအခိုက် မရှိပေမဲ့ ခိုင်းနွား နှစ်ကောင်နဲ့ စစ်ရှောင်တဲ လေးလုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တောထဲတွေကို ပါရာမိုတာနဲ့ လာချတာ၊ ခိုင်းနွားကတော့ သေတယ်။ တဲတွေ မီးလောင်တယ်။ လူထိခိုက်မှုကတော့ မရှိပါဘူး၊ ဗုံးခိုကျင်းထဲ ပုန်းနိုင်လိုက်တယ်”

ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းကလည်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်- န.မ.ခက တက်လာတဲ့ ဂျိုင်ရိုကော့​ပတာ လေးစီးနဲ့ အထက်ပါ ယင်းမာပင်နဲ့ကနီနယ်အစပ်၊ စစ်ရှောင်တဲတွေရှိရာ ပတ်ဝန်းကျင်ကို  စစ်အုပ်စုက ဗုံးပတ်ကြဲခဲ့ရာ ခိုင်းနွား လေးကောင်၊ ဝက် ၁၁ ကောင် ​​သေဆုံးခဲ့ပါတယ်။

အဲ့ဒီ ဗုံးကြဲခံရတဲ့နေရာအနီး တိုက်ပွဲ ဖြစ်ပွားတာ မရှိသလို စစ်ရေးလှုပ်ရှားတာလည်း မရှိဘဲ အာဏာသိမ်း စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ကနီမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ဒီပဲယင်း၊ ပုလဲနဲ့ အင်းတော်မြို့နယ်၊ စုစုပေါင်း ကိုးမြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၅,၁၈၈ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဖေဖေါ်ဝါရီ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားကာ လိုက်လံ ဗုံးကြဲသတ်ဖြတ်ဖို့ အာဏာသိမ်း စစ်အုပ်စု အသုံးပြုနေတဲ့ တိုက်လေယာဉ်တချို့/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button