ကိုးထောင်ဘို့ရွာ စစ်အုပ်စု စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နယ်မြေရှင်းလင်း၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၃
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေ အထိုင်ချ နေရာယူထားတဲ့ ကိုးထောင်ဘို့ကျေးရွာကို တော်လှန်ရေး အင်အားစုတွေက ဇန်နဝါရီ ၃၀ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေ ရှင်းလင်းနေတယ်လို့ ဒေသခံ စစ်ရေး သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သင်္ကန်းဝတ် ဝါသဝ လက်အောက်ခံ စစ်အုပ်စုနဲ့ ပျူစောထီး ပူးပေါင်း အင်အား ၁၀၀ ကျော် တပ်စွဲ နေရာယူထားတဲ့ ကိုးထောင်ဘို့ရွာ စစ်အုပ်စု စခန်းကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်တွေက ဇန်နဝါရီ ၂၇ရက်က စတင်ကာ တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ကိုးထောင်ဘို့ကျေးရွာ နယ်မြေရဲစခန်း အပါအဝင် ကျေးရွာအတွင်း အခြေပြု ခိုအောင်းနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေရဲ့ စခန်းတွေ အားလုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး စစ်ရှုံးတဲ့ စစ်အုပ်စုဘက်ကလည်း ယနေ့အချိန်အထိ အဆက်မပြတ် လေကြောင်း ဗုံးကြဲ တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ကန့်ဘလူမြို့နယ် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“လေကြောင်းကတော့ အဆက်မပြတ် ပစ်တာ ရှိပါတယ်။ (ကို့ဘောင်ဘို့ရွာ) သိမ်းလိုက်ပါပြီ”
ကိုးတောင်ဘို့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။
ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့ကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျပြီး ရွှေဘို – မြစ်ကြီးနား ရထားလမ်းနဲ့ ကန့်ဘလူ – ကောလင်း – ဝန်းသို – ဗန်းမောက် မြို့နယ်တွေကို ဆက်သွယ်တဲ့ ကုန်သွယ်ရေး အချက်အချာကျတဲ့ ကားလမ်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့ ကိုးတောင်ဘို့ရွာဟာ စစ်အုပ်စုအတွက် ရိက္ခာနဲ့ လက်နက် သယ်ယူရေး ထောက်ပို့ လမ်းကြောင်းအတွက် အရေးပါတဲ့ စခန်းတစ်ခု ဖြစ်တာကြောင့် သိမ်းယူလိုက်တာ ဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ကန့်ဘလူနယ် သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပျူတွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကိုးတောင်ဘို့ရွာကို စီးနင်း၊ ဒေသခံတွေကို သတ်ဖြတ်၊ အိမ်တွေ မီးရှို့ကာ ကျေးရွာအတွင်း အခိုင်အမာ တပ်စွဲနေရာယူထားတာ ဖြစ်ပါတယ်။

အာဏာမသိမ်းခင်က တွေ့ရတဲ့ ကိုးတောင်ဘို့ရွာ/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



