စစ်ကိုင်းသတင်း

မုံရွာမှာ အိမ်စီးကားတစ်စီးကို စစ်အုပ်စုက လိုက်လံပစ်ခတ်လို့ ကားပေါ်ပါသူတွေ သေဆုံး၊

လမ်းသွားလမ်းလာပြည်သူ လေးဦး ထက်မနည်း ဒဏ်ရာရ၊

ဘုန်းစိုး/MFP၊ ဖေဖော်ဝါရီ – ၃

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ အိမ်စီးကားတစ်စီးနဲ့ သွားလာနေသူတွေကို အာဏာသိမ်း စစ်အုပ်စုက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့အတွက် အိမ်စီးကားပေါ်ပါသူ သုံးဦးခန့် သေဆုံးကာ လမ်းသွားလမ်းလာ ပြည်သူ လေးဦး ထက်မနည်း ထိခိုက် ဒဏ်ရာရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက် ဒီကနေ့ မနက် ၁၀ နာရီ၀န်းကျင်အချိန် မုံရွာမြို့၊ သာစည်လမ်းပေါ် သွားလာနေတဲ့ အိမ်စီးကားတစ်စီးကို စစ်အုပ်စုက ပတ်ကင်းကားတွေနဲ့ နောက်ကလိုက်ကာ သာစည်လမ်း၊ ပညာရေး တက္ကသိုလ်အနီးကနေ သာစည်လမ်း မီးပွိုင့်အထိ လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“TTC (ပညာရေးတက္ကသိုလ်)နားကနေ စပြီး လိုက်ပစ်တာ ပြောတယ်၊ အိမ်စီးကား အဖြူလေး၊ တို့နား ရောက်တော့ ကားက ဘီးတွေလည်း ပေါက်၊ မှန်တွေလည်း ကွဲနေပြီ၊ အစကတော့ မူးပြီး မောင်းလာတယ် ထင်နေတာ၊ နောက်မှာ စစ်ကားတွေက လိုက်ပစ်တာ သိရတာ” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက နောက်ကနေ တရစပ် လိုက်လံပစ်ခတ်သတ်ဖြတ်လို့ အိမ်စီးကားဟာ ပြည်ထောင်စုလမ်းနဲ့ သာစည်လမ်းထောင့်၊ သာစည်လမ်းမီးပွိုင့်အနီးမှာ ကားက ထိုးရပ်သွားတယ်လို့ ဆိုပါတယ်။

“သုံးယောက် သေတယ်လည်း ပြောတယ်၊ တချို့ကလည်း နှစ်ယောက်တဲ့၊ အတိကျတော့ မသိရဘူး၊ ကားကတော့ အဲ့ဒီမီးပွိုင့်နားမှာ တွေ့တယ်၊ ရဲတွေရော၊ စစ်သားတွေရော မဲနေတာပဲ” လို့ မုံရွာမြို့ခံ တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အိမ်စီးကားဟာ အဖြူရောင် မတ်တူး ကား ဖြစ်ပြီး ဘာကြောင့် အခုလို ပစ်ခတ်တယ်ဆိုတာ မသိရသလို ကားပေါ်မှာလိုက်ပါလာတဲ့ လူဦးရေနဲ့ သေဆုံးသူ အရေးအတွက် အတိအကျကိုလည်း မသိရသေးပါဘူး။

စစ်အုပ်စုဟာ အဲ့ဒီ အိမ်စီးကားကို နောက်ကနေ တရစပ် လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် လမ်းသွား၊လမ်းလာ ပြည်သူ လေးဦး ထက်မနည်းလည်း ထိခိုက် ဒဏ်ရာရတာ ရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ ဂိတ်တွေဖွင့်ကာ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်နေတာ ဖြစ်ပါတယ်။

မုံရွာမြို့ သာစည်လမ်း ပညာရေးတက္ကသိုလ်အနီး လမ်းသွားလမ်းလာတွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းက တွေ့ရစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button