ချင်းပြည်မှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်အုပ်စု လက်ချက်နဲ့ ကလေးသူငယ် ၈၀ ကျော် အပါအဝင် လူ ၁၁၀၀ ကျော် သေဆုံး၊
ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၃
ချင်းပြည်မှာ အာဏာသိမ်းငါးနှစ်အတွင်း စစ်အုပ်စုက သတ်ဖြတ်လို့ ကလေးသူငယ် ၈ဝ ကျော် အပါအဝင် လူ ၁၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ချင်းပြည်အတွင်း ဖြစ်ပွားတဲ့ လူအခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေကို မှတ်တမ်းပြုစုနေတဲ့ အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Institute of Chin Affairs Inc. ICA က ဖေဖော်ဝါရီ ၁ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းကာလ ငါးနှစ်အတွင်း စစ်အုပ်စု သတ်ဖြတ်လို့ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃၃ ဦး၊ အသက် ၁၁ ကနေ ၁၇ နှစ်အတွင်း ၄၈ ဦး၊ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း ၄၉၇ ဦး၊ အသက်အရွယ် မသိရသေးသူ ၄၅၁ ဦး၊ စုစုပေါင်း ၁,၁၈၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲ အရပ်သားပြည်သူတွေ၊ ဆန္ဒပြသူတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေ ပါဝင်တယ်လို့ Institute of Chin Affairs Inc. ICA က ဆိုပါတယ်။
“အသက်အရွယ်အလိုက် စိစစ်ကြည့်ရာတွင် အသက် ၁၀ နှစ်အောက် ကလေးငယ်များမှ စ၍ အသက် ၃၆ နှစ်အထက် သက်ကြီးရွယ်အိုများ အထိ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း တွေ့ရပါသည်။ အထူးသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်အရွယ်အုပ်စုတွင် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ပြီး အရပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ နှစ်ဖက်စလုံး ပါဝင်နေပါသည်။ ထို့အပြင် စစ်ရေး အခြေအနေကြောင့် အသက်အရွယ် အတည်မပြုနိုင်သေးသည့် သေဆုံးမှုများလည်း အများအပြား ရှိနေပါသည်”
အဲ့ဒီ သေဆုံးသူတွေထဲ စစ်အုပ်စုနဲ့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကျဆုံးသူ တော်လှန်ရေးရဲဘော် ၄၀၅ဦး ရှိခဲ့တယ်လို့လည်း Institute of Chin Affairs Inc. ICA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ စစ်ပွဲအတွင်း ပိတ်မိသေဆုံးသူတွေလည်း ပါဝင်ပြီး အာဏာသိမ်းကာလ ငါးနှစ်အတွင်း စစ်အုပ်စုက ချင်းပြည်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀ ကျူးလွန်ခဲ့ရာ အရပ်သားပြည်သူ ၂၄၆ ဦး သေဆုံး၊ ဒဏ်ရာရသူ ၁,၁၄၀ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းကာလ ငါးနှစ်အတွင်း ချင်းပြည်တဝှမ်း မီးရှို့ဖျက်ဆီးလို့ နေအိမ် ၂,၁၉၉ လုံး၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၇၆ လုံးနဲ့ အစိုးရအဆောက်အုံ (စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း စတဲ့) ၈၈ လုံး ပျက်စီးခဲ့တယ်လို့လည်း Institute of Chin Affairs Inc. ICA က ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ချင်းပြည်မှာ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ ၁၀၀,၀၀၀ ကျော် ရှိလာပြီး နိုင်ငံခြားကို ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည်ဦးရေလည်း ၆၀,၀၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ Institute of Chin Affairs Inc. ICA က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း စစ်အုပ်စု လက်ချက်နဲ့ သေဆုံးတဲ့ ချင်းပြည်က ကလေးသူငယ်တွေ/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



