သတင်း

ဖလမ်းမြို့ဘက် စစ်ကူလာတဲ့ စစ်အုပ်စုကို တိုက်ခိုက်သုတ်သင်ရာ ၃၀ ကျော် သေ၊ လက်နက်တွေ ရ၊

တော်လှန်ရေး ရဲဘော် လေးဦး ကျဆုံး၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ ချင်းပြည်၊ ဖလမ်းမြို့ဘက် စစ်ကူပို့တဲ့ စစ်အုပ်စု စစ်ကြောင်းကို ဖေဖော်ဝါရီ ၃ ရက် ဒီကနေ့ မနက်ပိုင်း တိုက်ခိုက် သုတ်သင်ရာ စစ်အုပ်စု ၃၀ ကျော် သေဆုံးတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ စစ်ရှုံးထားတဲ့ ဖလမ်းမြို့ကို ပြန်ရရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလအတွင်းက စတင်ကာ ထိုးစစ်ဆင်နေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေရဲ့ တုန့်ပြန်တိုက်ခိုက်မှုကြောင့် စစ်အုပ်စု အထိနာ အသေများကာ ယနေ့အချိန်ထိ ဖလမ်းမြို့အနီး မကပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။

ဇန်နဝါရီ ၂၀ရက်မှာ စစ်အုပ်စု အင်အား ၂၀၀ ခန့် ကလေးမြို့ကနေ ဖလမ်းမြို့ဘက် စစ်ကူတက်လာပြီး အဲ့ဒီ စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်း ဖလမ်းမြို့နယ်ထဲ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အလောင်း ၃၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ချင်းညီနောင် (CB) စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“စစ်တပ်ဘက်က အကျအဆုံးကတော့ များပါတယ်။ အလောင်းတွေက ၃၀ ကျော်လောက် ရတယ်။ လက်နက်နဲ့ခဲယမ်း အများအပြား သိမ်းဆည်းရရှိတယ်။ အဲ့ဒီ တိုက်ပွဲတွေကိုတော့ ချင်းညီနောင် ပူးပေါင်းတပ်နဲ့ ချင်းအမျိုးသားတပ်ဦး CNA/CNF ပူးပေါင်းတပ်တွေက ပူးပေါင်း စစ်ဆင်ရေး ဆင်နွဲ့ခဲ့တာ ဖြစ်ပြီးတော့ တော်လှန်ရေးရဲဘော် လေးဦး ကျဆုံးခဲ့သလို ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ချင်းပြည်မြောက်ပိုင်းရှိ ဖလမ်းမြို့ကို ၂၀၂၅ ဧပြီကတည်းက ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဖလမ်းမြို့ကို ပြန်ရရေးအတွက် ကလေး – နတ်ချောင်း- ဝေဘူလမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ ကလေး -တီးတိန်လမ်းကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ နှစ်ဖက်ညှပ် ထိုးစစ်ဆင်နေလို့ ၂၀၂၅ အောက်တိုဘာက စတင်ကာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဖလမ်းမြို့ပြန်ရရေး ထိုးစစ်ဆင်ရာတဲ့ စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲမှာ အထိနာ အသေများတာကြောင့် စစ်ကူတွေ ဆက်တိုက်ပို့နေသလို လေကြောင်းပစ်ကူသုံးကာ ဆက်လက် ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဖလမ်းမြို့ အပါအဝင် ချင်းပြည်ရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀နဲ့ ဆမီးမြို့တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ စစ်အုပ်စု အနေနဲ့ ဟားခါး၊ ထန်တလန်၊ တီးတိန်နဲ့ ခိုင်ကမ်းမြို့ တို့ကို ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး လွန်ခဲ့တဲ့ လတွေအတွင်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ‌ဝေဘူလမြို့ကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကလေးမြို့ကနေ ချင်းပြည် ဖလမ်းမြို့ဘက် စစ်ကူလာတဲ့ စစ်အုပ်စုကို တိုက်ခိုက်သုတ်သင်ရာ သိမ်းဆည်း ရရှိတဲ့ အလောင်းနဲ့ လက်နက်တွေ/Photo – VOC

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button