စစ်ကိုင်းသတင်း

မုံရွာမြို့ပေါ် ပစ်ခတ်မှု အမှိုက်ကောက် ကလေးနဲ့ သုံးဘီးမောင်းသူ အပါအဝင် ခုနှစ်ဦးခန့် သေဆုံး၊

အိမ်စီးကားတစ်စီးကို စစ်အုပ်စုက ကားသုံးလေးစီးနဲ့ တရစပ် လိုက်လံပစ်ခတ်ခဲ့တာ ဖြစ်၊

ဘုန်းစိုး/MFP၊ ဖေဖော်ဝါရီ – ၄

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ မနေ့က မနက်ပိုင်း အိမ်စီးကားတစ်စီးကို စစ်အုပ်စုက ပတ်ကင်းကား သုံး၊လေးစီးနဲ့ နောက်ကနေ တရစပ် လိုက်လံ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ လမ်းဘေးအမှိုက်ကောက်နေတဲ့ ကလေးငယ်၊ သုံးဘီးမောင်းသူနဲ့ လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေ အပါအ၀င် စုစုပေါင်း ခုနှစ်ဦး ထက်မနည်း သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖေါ်ဝါရီ ၃ရက် မနက်ပိုင်းက မုံရွာမြို့၊ သာစည်လမ်း၊ ပညာရေးကောလိပ် (TTC) အနီးမှာ အဖြူရောင် မတ်တူး အမျိုးအစား အိမ်စီးကားတစ်စီးကို စစ်အုပ်စုက ပတ်ကင်းကားတွေနဲ့ နောက်ကလိုက်ကာ သာစည်လမ်း၊ ပညာရေး တက္ကသိုလ်အနီးကနေ သာစည်လမ်း မီးပွိုင့်အထိ လိုက်လံ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုအတွင်း အိမ်စီးကားပေါ်ပါသူတွေ အားလုံး သေဆုံးသလို စစ်အုပ်စုက တရစပ် ရမ်းကား ပစ်ခတ်တာကြောင့် လမ်းသွားလမ်းလာတွေလည်း ငါးယောက်ထက်မနည်း သေဆုံး၊ ဒဏ်ရာရသူ လေး၊ငါးယောက် ရှိကာ လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးတချို့လည်း ကျည်ထိမှန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

” PDF ကားက TTC ကျောင်းထဲက စစ်သားတွေကို ၀င်ပစ်တာလို့ ပြောတယ်၊ အဲ့ဒီကားကို လိုက်ပစ်ရင်း TTC အမှိုက်ပုံဘေးက အမှိုက်ကောက်တဲ့ ကလေးတစ်ယောက်က ပွဲချင်းပြီး သေတယ်၊ သုံးဘီးသမား တစ်ယောက် ခေါင်းမှန်တာ၊ သူ့မိန်းမက ဒဏ်ရာရသွားတာ၊ တခြား သုံး၊လေး ယောက်လောက် သေတယ်လည်း ကြားတယ်၊ ကားပေါ်က P တွေလည်း သေတယ်တဲ့” လို့ ဖြစ်စဉ်ကို သိရှိတဲ့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက မုံရွာ TTC အနီးကနေ သာစည်လမ်း မီးပွိုင့် အထိ လမ်းတလျှောက်လုံး တရစပ် ရမ်းကား ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“စစ်သားတွေက ကားဘီးတွေ အရင်ပစ်တာ၊ တလမ်းလုံး ပစ်လိုက်သွားတာပဲ၊ တကယ့် စစ်ကားထဲကလိုပဲ၊ လမ်းဘေး ရပ်ထားတဲ့ ကားတွေလည်း အကုန်ထိတာပဲ၊ မှန်တွေကွဲကုန်တာ၊ ကျုပ်တို့လည်း ဘေးကပ်နေရတာ” လို့ မြို့ခံပြည်သူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက အဓိကပစ်မှတ်ထားကာ လိုက်လံပစ်ခတ်တဲ့ အိမ်စီးကားဟာ ပြည်ထောင်စုလမ်းနဲ့ သာစည်လမ်းထောင့်၊ သာစည်လမ်းမီးပွိုင့်အနီးမှာ ထိုးရပ်သွားပြီး ကားပေါ်ပါတဲ့သူတွေလည်း သေဆုံး၊ ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့ အဓိက ပစ်မှတ်ထား ပစ်ခတ်ခဲ့တဲ့ အဖြူရောင် အိမ်စီးကားကို ကရိတ်နဲ့သယ်ကာ ဆည်မြောင်းရုံးထဲ ယူဆောင်သွားသလို လမ်းသွားလာရင်း ကျည်ထိမှန်သေဆုံးတဲ့ သုံးဘီးမောင်းသူရဲ့ သုံးဘီးကိုလည်း ကရိန်နဲ့ လာတင်ယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အိမ်စီးကားပေါ်ပါသူတွေဟာ PDF ဟုတ်၊မဟုတ် အတည်မပြုနိုင်သလို ဘာကြောင့် လိုက်လံပစ်ခတ်တယ်ဆိုတာ MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အဲ့ဒီ ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုကလည်း တစုံတရာ သတင်းဖြန့်တာ မရှိသေးပါဘူး။

၂၀၂၃ အောက်တိုဘာလကလည်း အဲ့ဒီ မုံရွာ TTC ကျောင်းအနီး သာစည်လမ်းပေါ် သွားလာနေသူတွေကို TTC ကျောင်းဝင်ပေါက်မှာ ဂိတ်ဖွင့်ငွေညှစ်နေတဲ့ စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်လို့ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၀ ကျော်အရွယ် ဇနီးမောင်နှံ သေဆုံးခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ ဂိတ်တွေဖွင့်ကာ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မုံရွာ သာစည်လမ်းနဲ့ မုံရွာမြို့ပေါ် လက်နက်ကိုင်ကာ ပြည်သူကို ရန်ပြုနေတဲ့ စစ်အုပ်စုကို အာဏာသိမ်းစက တွေ့ရစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button