စစ်ကိုင်းသတင်း

အိန္ဒိယက နယ်စပ်ဖြတ်ကျော် ဒရုန်းနဲ့ ဗုံးကြဲလို့ မြန်မာဘက်ခြမ်း လယ်တဲတချို့ ပျက်စီး၊

ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၄

အိန္ဒိယနိုင်ငံ စစ်တပ်က ဖေဖော်ဝါရီ ၁ရက်မှာ နယ်စပ်ဖြတ်ကျော် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ မြန်မာဘက်ခြမ်း၊ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့၊ ကျဲသရောက်ကျေးရွာရှိ လယ်တဲတချို့ ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁ရက် မနက် ၃နာရီမှာ အိန္ဒိယနိုင်ငံ စစ်တပ်က နှစ်နိုင်ငံ နယ်နမိတ်အနီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကျဲသရောက်ကျေးရွာကို ဒရုန်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်တာလို့ ဆိုပါတယ်။

နယ်စပ်ဒေသမှာ နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN – National Socialist Council of Nagaland အဖွဲ့ဝင်တွေ ရှိနိုင်တယ်လို့ ဆိုပြီး အိန္ဒိယက အခုလို မကြာခဏ တိုက်ခိုက်နေခြင်းဖြစ်ကာ မနေ့က ဗုံးကြဲ ခံရမှုမှာ လူထိခိုက်တာ မရှိဘဲ လယ်တဲတချို့ ပျက်စီးခဲ့တယ်လို့ နန်းယွန်းမြို့ခံ တစ်ဦးက ပြောပါတယ်။

“အဲ့ဒါက အိန္ဒိယက လူတွေက ခဏခဏ လုပ်နေကြပါ၊ ဘာအကျိုးကြောင်းမှ မရှိဘဲနဲ့ တောင်ယာ သိမ်း၊ လယ်သိမ်းတွေကို ဒရုန်းနဲ့ လာလာကြဲတာ၊ မကြာမကြာ ဖြစ်နေကြပဲ၊ သူတို့ကတော့ NSCN တွေ ပုန်းခိုတဲ့ နေရာဆိုပြီး ကြဲတာ ဖြစ်မှာပေါ့။ ဖြစ်နေကြပဲ”

အိန္ဒိယရဲ့ မကြာခဏ တိုက်ခိုက်မှုကြောင့် ဒေသခံတွေအနေနဲ့ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ကူးလူးဆက်ဆံ သွားလာရာမှာ လုံခြုံစိတ်ချမှုမရှိဘဲ စိုးရိမ်နေကြပြီး အိန္ဒိယနိုင်ငံဘက်ကတော့ ပုံမှန်အတိုင်း နယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာခွင့်နဲ့ ကုန်ပစ္စည်း ဝယ်ယူခွင့် ပြုထားတယ်လို့ သူက ပြောပါတယ်။

“လုံခြုံရေး တင်းကြပ်တာတော့ မရှိဘူး၊ တောင်ယာတဲတွေ ဗုံးလာချတာကတော့ ခဏခဏပဲ၊ သွားလာခွင့်ကတော့ ပြုထားတယ်။ ခြံစည်းရိုးကိစ္စကတော့ တိုင်ပင်လာတာ မရှိဘူး၊ ဆက်ကာနေတယ်”

အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း ၁၆၄၃ ကီလိုမီတာ ထိစပ်နေပြီး ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းတွေဟာ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက အဲ့ဒီ နယ်စပ်တလျှောက် ခြံစည်းရိုးကာရံတာတွေ လုပ်နေပြီး လုံခြုံရေး အကြောင်းပြချက်နဲ့ ၂၀၂၅ နိုဝင်ဘာက စတင်ကာ မြန်မာ -အိန္ဒိယ နယ်နိမိတ်၊ စစ်ကိုင်းတိုင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မှတ်တိုင် အမှတ် -၁၇၂ နဲ့ ၁၇၃ ကြားမှာ အိန္ဒိယဘက်က နယ်စပ် ခြံစည်းရိုး ကာရံနေတာ ဖြစ်ပါတယ်။

အဲ့ဒီနယ်စပ်ခြံစည်းရိုးရဲ့ ပေ ၂၀၀ ပတ်လည်အတွင်းရှိတဲ့ နေအိမ်တွေကို အိန္ဒိယဘက်က ရွှေ့ပြောင်း ခိုင်းတာကြောင့် နယ်နှစ်နိုင်ငံနယ်စပ်မှာ ခွပြီးနေထိုင်ကြတဲ့ ပန်းဆောင်မြို့ရှိ နာဂတိုင်းရင်းသားတို့ရဲ့ နေအိမ် ၁၀၀၀ ခန့် ရွှေ့ပြောင်းပေးရမဲ့ အခြေအနေ ကြုံနေကြရပါတယ်။

အိန္ဒိယရော မြန်မာဘက်ကပါ ဒေသခံ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာ မရှိဘဲ နယ်စပ်ခြံစည်ရိုး ကာရံတာဖြစ်ပြီး ခြံစည်းရိုးကြောင့် နာဂတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့၊  ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ယဉ်ကျေးမှုတွေ ထိခိုက်လာနိုင်လို့ ခြံစည်းရိုး မခတ်ဖို့ ဒေသခံတွေက ဇန်နဝါရီ ၂၂ရက်မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၃ရက် မနက်ပိုင်း နှစ်နိုင်ငံနယ်စပ်အနီး အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ မြန်မာဘက်ခြမ်း၊ နာဂဒေသ လယ်တဲတချို့ ပျက်စီးစဉ်/Photo – ညီညွတ်သော တန်ရှန်းနာဂ ကောင်စီ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button