ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၄
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မော်လိုက်ဒေသ၊ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရတဲ့ တပ်ရင်း တော်လှန်ရေး ရဲဘော် ၁၂ ဦးအား ဂုဏ်ပြုတဲ့အနေနဲ့ ကျန်ရစ်သူ မိသားစုကို တစ်ဦးကို ကျပ်၁၅သိန်းစီ ချီးမြှင့် ထောက်ပံ့ခဲ့တယ်လို့ မော်လိုက်ခရိုင် PDF တပ်ရင်း ၃ က သတင်းထုတ်ပြန်ပါတယ်။
ကျဆုံးရဲဘော်တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က ပေးအပ်တဲ့ ရန်ဘုံငွေ ကျပ် ၁၀သိန်းနဲ့ တပ်ရင်း ရန်ပုံငွေ ကျပ်ငါးသိန်း၊ စုစုပေါင်း ကျပ် ၁၅သိန်းကို ပထမအသုတ် အနေနဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုတွေကို ဂုဏ်ပြုချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ မော်လိုက်ခရိုင်အမှတ် ၃တပ်ရင်း တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာနက ၁၀ သိန်း၊ တပ်ရင်းက ငါးသိန်း။ ကာကွယ်ရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံး အလှည့်ကျ ပေးရတာဆိုတော့ မိဘတိုင်း တစ်ခါတည်း မပေးနိုင်သေးတော့ ဝန်ကြီးဌာနက ပေးတာ မရသေးတဲ့ မိဘတွေကိုတော့ တပ်ရင်းကနေ ငါးသိန်း ထောက်ပံ့တာပါ။ ပထမ အသုတ် ၁၂ ဦးပါ”
အဲ့ဒီ ကျဆုံးရဲဘော်တွေအတွက် ဂုဏ်ပြုထောက်ပံ့တဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ရက်က မော်လိုက်မြို့နယ်အတွင်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ အခမ်းအနားနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ကျဆုံးရဲဘော်တွေအတွက် ဆွမ်းကပ်၊ တရားနာ၊ အမျှပေးဝေခဲ့သလို ကျဆုံးရဲဘော်တွေရဲ့ မိသားစုနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
မော်လိုက်မြို့နယ်အတွင်း ဂုဏ်ပြုငွေ မချီးမြှင့်နိုင်သေးတဲ့ ကျဆုံးရဲဘော် မိသားစုဝင်တွေ ကျန်ရှိနေသေးပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ငွေ ရရှိတာနဲ့ ဒုတိယအသုတ် ထပ်မံ ချီးမြှင့်မယ်လို့လည်း ဆိုပါတယ်။
မော်လိုက်ခရိုင် PDF အမှတ် ၃တပ်ရင်းက ကျဆုံးတဲ့ တော်လှန်ရေး ရဲဘော်တွေအား ဂုတ်ပြုတဲ့ အနေနဲ့ ကျန်ရစ်သူ မိသားစုကို ဂုဏ်ပြုငွေ ချီးမြှင့်ထောက်ပံ့စဉ်/Photo – မော်လိုက်ခရိုင် အမှတ် ၃တပ်ရင်း
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



