စစ်ကိုင်းသတင်း

ဒီပဲယင်းမှာ စစ်အုပ်စု ပါရာမိုတာနဲ့ ဗုံးကြဲလို့ ခရီးသွားကားဆရာ တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ၊

MN/MFP ၊ ဖေဖော်ဝါရီ – ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကို မနေ့က ညပိုင်း စစ်အုပ်စုက စက်တပ်လေထီး (Paramotor)နဲ့ ဗုံးကြဲလို့ ခရီးသွား ကားဆရာတစ်ဦး သေဆုံးကာ သုံးဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက် မနေ့က ည ၁၀ နာရီဝန်းကျင်အချိန် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ညောင်လှရွာကို မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ က တက်လာတဲ့ စက်တပ်လေထီးနဲ့ စစ်အုပ်စုက ဗုံးကြဲတာ ဖြစ်ပြီး ခရီးသွားကားတွေပါ ထိမှန်ကာ ကားသမားတွေ သေဆုံး၊ ဒဏ်ရာရတာလို့ ဆိုပါတယ်။

“မုံရွာ နမခကနေ တက်လာတဲ့ ပါရာမိုတာနဲ့ ဗုံးလာကြဲသွားတာ။ ခရီးသွားကားတွေပေါ်ကို ကြဲသွားတာ။ တန့်ဆည်နယ်ဘက်က ကားသမား တစ်ဦး သေဆုံးတယ်။ ကျန်တဲ့ သုံးဦးကတော့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာတွေ ရသွားတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဗုံးထိမှန်သေဆုံးသူဟာ တန်ဆည်နယ်ဇာတိ အသက် ၄၀ ဝန်းကျင်အရွယ် ခရီးသည်တင်ယာဉ်မောင်း ဖြစ်ပြီး ဒဏ်ရာရသူတွေဟာ ခရီးသွားပြည်သူ သုံးဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားမှု မရှိလည်း စစ်အုပ်စုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကလည်း ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့နဲ့ ပျံကျကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူနှစ်ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၅ ရက် ညပိုင်းကလည်း ဒီပဲယင်းနယ်အရှေ့ခြမ်း မရကန်ကျေးရွာမှာ ဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ပေါ်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။

၂၀၂၅ ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ တစ်နှစ်တာအတွင်း စစ်အုပ်စုက လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ ၂၃၂၆ ဦး သေဆုံးကာ ၄၁၄၆ ဦး ထိခိုက်ဒဏ်ရာ ရပြီး နေအိမ် ၃၅၇၆ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၆ လုံးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ထိခိုက် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။

ဒီပဲယင်းနယ် အရှေ့ခြမ်း၊ ညောင်လှရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်/Photo – RDDF

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button