ထင်လင်/MFP၊ ဖေဖေါ်ဝါရီ – ၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဒီမနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ပျံဝဲကာ ဗုံးကြဲချပြီး စက်သေနတ်နဲ့ပစ်ခတ်၊ ရော့ကတ်တွေပါ တိုက်ခိုက်လို့ ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ကိုရင်ငယ်တွေ အပါအဝင် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီ ၅ရက် ဒီကနေ့ မနက် ၁၀နာရီကျော်အချိန် ရဟန်းသံဃာတွေ ဆွမ်းစားချိန်မှာ တန့်ဆည်နယ် မြောက်ခြမ်း၊ သစ္စေးကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း (မြောက်ကျောင်း)ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ပျံဝဲပြီး ဗုံးပတ်ကြဲ၊ စက်သေနတ်တွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးထိမှန်လို့ ကိုရင်ငယ် နှစ်ပါး၊ အမျိုးသမီး သုံးဦးနဲ့ ကျောင်းတိုက်အတွင်းရှိ ကားဝပ်ရှော့မှာ လုပ်ကိုင်နေကြတဲ့ ဝပ်ရှော့လုပ်သားတွေ အပါအဝင် စုစုပေါင်း ခုနှစ်ဦး သေဆုံးကာ ကိုရင်တစ်ပါး ကတော့ အလောင်းပင် ပြန်မရဘဲ တစ်စစီ ဖြစ်သွားတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“အသေအပျောက်က ကိုရင်လေးနှစ်ပါး အပါအဝင် ခုနစ်ယောက်၊ Dead body (အလောင်း) က ခြောက်ခု ရတယ်တဲ့၊ ကိုရင်လေးတစ်ပါးကတော့ ပျောက်နေတယ်တဲ့၊ အစအနကို ရှာမတွေ့တော့ Dead body ပါ မကျန်တော့တဲ့ သဘောပဲဗျ”
ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ပင်မကျောင်းဆောင်ကြီးနဲ့ ကျောင်းဝင်းအတွင်းက ကားဝပ်ရှော့ကို အဓိက ပစ်မှတ်ထားကာ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျောင်းကြီးပေါ် တည့်တည့် ကျတယ်၊ ဗုံးလည်း ကြဲတယ်၊ စက်လတ်နဲ့လည်း ပစ်တယ်၊ ရော့ကတ်နဲ့လည်း ပစ်တော့ ကျောင်းကြီးက ဘာမှကို မကောင်းတော့ဘူး။ အကုန်ပျက်စီးတယ်။ ဘေးက ဝပ်ရှော့လည်း ထိတယ်” လို့ တန့်ဆည်ဒေသခံက ဆက်ပြောပါတယ်။
တန့်ဆည်နယ်၊ အဲ့ဒီ သစ္စေးကုန်းရွာအနီး စစ်ရေးလှုပ်ရျားမူ မရှိ၊ PDF လည်း မရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ လာရောက် ဗုံးကြဲတာ ဖြစ်ပြီး ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
ဒဏ်ရာရသူ ၁၄ဦးမှလည်း တချို့က ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ တန့်ဆည်မြို့နယ် အပါအဝင် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲသတ်ဖြတ်တာတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။
၂၀၂၅ ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၆ ဦး သေဆုံးကာ ၄၁၄၆ ဦး ထိခိုက်ဒဏ်ရာ ရပြီး နေအိမ် ၃၅၇၆ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၆ လုံးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ထိခိုက် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၅,၁၈၈ဦး သေဆုံး ကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ NUG က ဖေဖေါ်ဝါရီ ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။
တန့်ဆည်နယ် ဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဆင့် ဗုံးကြဲလို့ ထိခိုက် သေဆုံးသူတွေ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



