MN/MFP ၊ ဖေဖော်ဝါရီ – ၅
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီမြစ်ရိုးရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ စီးနင်းလုယက်၊ မီးရှို့နေပြီး မနေ့က တစ်နေ့တည်း ကျေးရွာ ငါးရွာကို မီးရှို့ရာ အိမ်ခြေ ထောင်နဲ့ချီ ပြာကျပျက်စီးတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက် မနေ့က စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေ အင်အားဖြည့်ကာ မြင်းခြံမြို့ အနောက်ဖက်၊ ဧရာဝတီမြစ်ရိုး တလျှောက်ရှိ နတ်ညွှန်း၊ ဒါးကျွန်း(တောင်ရွာနဲ့မြောက်ရွာ)၊ တန်ဆောင်း၊ ပြည်တော်သာ စတဲ့ ကျေးရွာတွေကို တနေကုန် မီးပတ်ရှို့နေတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မနေ့က တနေကုန် အဲ့ဒီ ကျေးရွာငါးရွာကို စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီးနောက် စာသင်ကျောင်းပါ မချန် ရွာလုံးကျွတ် မီးတင်ရှို့ဖျက်ဆီးတာ ဖြစ်ပြီး အိမ်ခြေ ထောင်နဲ့ချီ ပြာကျပျက်စီးတယ်လို့ မြင်းခြံနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။
“ဒါးကျွန်း တောင်ရွာ-မြောက်ရွာ၊ တန်ဆောင်း၊ ပြည်တော်သာ အဲဒီရွာတွေကို မနေ့က မီးရှို့တာ။ နတ်ညွှန်းရွာကတော့ အရင်တခါ စစ်ကြောင်းထိုးတုန်းက မီးရှို့ထားတာမှာ မလောင်ဘဲ ကျန်နေသေးတဲ့ အိမ်တွေကို မနေ့က အကုန်ထပ်ရှို့သွားတာ။ မီးရှို့တာကတော့ စာသင်ကျောင်းတွေပါ ရှို့သွားတာ။ အကုန် ရွာလုံးကျွတ် လောင်သွားတယ်။ မနေ့က ရှို့ခံရတာက ရွာပေါင်း ငါးရွာဆိုတော့ အိမ်ခြေက ၁၀၀၀ ကျော် လောင်သွားတာ”
မီးလောင်ပြာကျတဲ့ အိမ်ခြေ ၁၂၀၀ လောက်ရှိနိုင်ပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မြင်းခြံမြို့အနောက်ခြမ်းရှိ ကျေးရွာတွေကို ရွေးကောက်ပွဲ လုံခြုံရေး အကြောင်းပြကာ ဇန်နဝါရီလအတွင်းက စလို့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး လက်ရှိမှာ အင်အား ထပ်တိုးကာ ဆက်လက် မီးရှို့ဖျက်ဆီးနေတာလို့ မြင်းခြံနယ်ခံက ပြောပါတယ်။
“စစ်ကြောင်းက ဒီနေ့လည်း ရှိနေသေးတယ်။ အင်အားတွေပါ ထပ်ဖြည့် ထားတယ်လို့တော့ ကြားရတယ်။ ဒေသခံတွေကတော့ အကုန်လုံး ရှောင်နေရတယ်”
စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူတွေဟာ ရွေးကောက်ပွဲအကြောင်းပြ စစ်ကြောင်းထိုးစဉ်က ဇန်နဝါရီ ၁၇ ရက်ကနေ ၂၉ ရက်အတွင်းကလည်း မြင်းခြံနယ် ပတ္တာရွာ(အရှေ့-အနောက်)ရှိ စာသင်ကျောင်း နှစ်ကျောင်းနဲ့ နေအိမ် ၂၇၇ လုံး၊ နတ်ညွှန်းရွာရှိ နေအိမ် ၆၂ လုံး၊ စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
မြင်းခြံမြို့အနောက်ခြမ်း၊ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ဆုံနေရာအနီး၊ မြစ်ရိုးတလျှောက် ကျေးရွာတွေကို စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ပတ္တာကျေးရွာက အိမ်ထောင်စု ၄၅၀ နဲ့ လူဦးရေ ၁၇၀၀ ကျော် အပါအဝင် နတ်ညွှန်း၊ ဒါးကျွန်း၊ သဲဖြူဝ၊ ပြည်တော်သာ၊ တန်ဆောင်း၊ သင်္ဘောတင်၊ ဒေါင့်သစ်၊ လေးဖြတ်ခုံ၊ အောင်ပြည်စိုး၊ ရွှေညောင်ပင် စတဲ့ ကျေးရွာ ၁၅ ရွာကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါး စတဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မြင်းခြံမြို့အနီး မြစ်ရိုးတလျောက်ရှိ ဒါးကျွန်းနဲ့ ပြည်တော်သာကျေးရွာ အပါအဝင် ကျေးရွာ ငါးရွာကို စစ်အုပ်စုက တစ်နေ့တည်း မီးရှို့ဖျက်ဆီးလို့ နေအိမ်တွေ မီးလောင်နေစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



