
ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို အာဏာသိမ်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ရာ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများအပြား ရှိခဲ့ပြီး ကိုရင်တစ်ပါးမှာ အလောင်းရှာမရဘဲ ပျောက်ဆုံးနေပြီး ခန္ဓာကိုယ်တစစီ လွင့်စင် ပျောက်ကွယ်သွားတာ ဖြစ်မယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီ ၅ရက် မနေ့က မနက် ၁၀နာရီခွဲဝန်းကျင်၊ ရဟန်းသံဃာတွေ ဆွမ်းစားချိန်လောက်မှာ စစ်အုပ်စုက တန့်ဆည်နယ်၊ သစ္စေးကုန်းရွာ ဘုန်းကြီးကျောင်းကို တိုက်လေယာဉ် နှစ်စင်းနဲ့ ဗုံးကြဲ၊ စက်သေနတ်တွေ၊ ရော့ကတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ကိုရင်ငယ်တွေ အပါအဝင် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိမှာ ကိုရင်တစ်ပါး၊ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား နှစ်ဦး၊ စုစုပေါင်း ခြောက်ဦးရဲ့ အလောင်းတွေ ကောက်ယူရရှိပြီး အသက် ၁၀ နှစ်ကျော်အရွယ် ကိုရင်တစ်ပါးမှာ အလောင်း ရှာမရဘဲ ယနေ့အချိန်ထိ ပျောက်ဆုံးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကိုရင်လေးတစ်ပါးက ပျောက်နေတယ်။ Dead Body (အလောင်း)ပါ ရှာမရတော့ဘူး”
ဗုံးထိမှန်လို့ ကိုရင်တစ်ပါး အပါအဝင် ခြောက်ဦး သေဆုံးပြီး နောက်ထပ် ကိုရင်တစ်ပါးလည်း ရှာမရဘဲ ပျောက်ဆုံးနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန – MOHR ကလည်း သတင်း ထုတ်ပြန်ပါတယ်။
ဗုံးထိမှန်ကာ ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိပြီး သုံးဦးက အသက်အန္တရာယ် စိုးရိမ်ရကာ ကုသရေးအတွက် ဆေးဝါး အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်၊။
“ဆေးတွေကတော့ လိုနေတယ်ဗျ။ လေကြောင်းတိုက်ခိုက်တော့ ဘုန်းကြီးကျောင်းထဲနေတဲ့ ကလေးတွေ က ပြေးကြတာ စိုးရိမ်ရတာက သုံးယောက်တော့ပါမယ်။ ဆေးဝါးတွေကတော့ အကုန် လိုကြပါတယ်”
ဆေးရုံဆေးခန်းတွေကို သွားရောက်ဖို့ ခရီးကွာဝေးတာကြောင့် ဒဏ်ရာရသူတွေကို အချိန်မီ ဆေးဝါး ကုသနိုင်ရေး ခက်ခဲနေသလို စစ်အုပ်စုက ထပ်မံ ဗုံးကြဲတိုက်ခိုက်မှာကိုလည်း ဒေသခံတွေ စိုးရိမ် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

ဗုံးဒဏ်ကြောင့် ကျောင်းဆောင်တွေ ပျက်စီးသလို ကျောင်းအတွင်း ဖွင့်ထားတဲ့ ကားဝပ်ရှော့ရှိ ကားနဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးတယ်လို့ MOHR က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ တန့်ဆည်နယ် အပါအဝင် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်း ဗုံးကြဲတာတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၅,၁၈၈ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။

တန့်ဆည်နယ် ဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲရာ မပေါက်ကွဲဘဲ ကျန်ရစ်တဲ့ ဗုံးတစ်လုံး/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



