မန္တလေးသတင်းအညာမြေ တော်လှန်ရေး

မြင်းခြံမှာ တစ်နေ့တည်း ရွာ ငါးရွာ၊ အိမ်ခြေ ထောင်ချီ မီးရှို့ဖျက်ဆီးတဲ့ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးနေ၊

ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကာ အရေးပေါ် အကူအညီ လို၊

ဒေါ်လာ၊ MN/MFP၊ ဖေဖေါ်ဝါရီ – ၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နတ်ညွှန်းနဲ့ ဒါးကျွန်းရွာ အပါအဝင် တစ်နေ့တည်း ကျေးရွာ ငါးရွာကို စီးနင်းလုယက်ကာ အိမ်ခြေ ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ယနေ့အချိန်ထိ ဆက်လက် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေဆဲမို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရသူတွေက MFP ကို ပြောပါတယ်။

ဖေဖေါ်ဝါရီ ၄ရက်မှာ စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေက မြင်းခြံမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ နတ်ညွှန်း (တောင်နဲ့မြောက်)ရွာ၊ ဒါးကျွန်း (တောင်နဲ့မြောက်)ရွာ၊ တန်ဆောင်းနဲ့ ပြည်တော်သာကျေးရွာတွေကို စီးနင်းလုယက် မီးရှို့လို့ အိမ်ခြေ ထောင်နဲ့ချီ ပြာကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ကျေးရွာအတွင်းက ဖောက်ထွင်းလုယက်ထားတဲ့ တန်ဘိုးရှိ ပစ္စည်းတွေကို မြင်းခြံမြို့ပေါ် သယ်ထုတ်ပြီးနောက် ဒီကနေ့ ဖေဖေါ်ဝါရီ ၆ရက်မှာ အင်အား ၂၀၀ လောက်နဲ့ ထပ်မံ စစ်ကြောင်းထိုး နေတာလို့ ဆိုပါတယ်။

“အခုတော့ တောထဲ နေရတဲ့ဘဝ၊ ကိုယ်တိုင် တောထဲမှာ ပြေးနေရလို့ပါ။ (စစ်အုပ်စုက) ဒီနေ့မနက် ဆင်းလာတယ် ကြားတယ်။ အင်အား ၂၀၀ ကျော်၊ တမြန်နေ့က ရွာလုံးကျွတ် မီးရှို့ပြီးလို့ မနေ့က တစ်ရက် နားတယ်၊ ဒီနေ့ ပြန်ဆင်းလာတာ မြင်းခြံကနေ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

နတ်ညွှန်း (တောင်နဲ့မြောက်)ရွာမှာ အိမ်ခြေ ၅၀၀ ကျော် ရှိပြီး စစ်အုပ်စု မီးရှို့လို့ ရွာလုံးကျွတ်ပြာကျကာ အိမ်ခြေ ၁၂အိမ်လောက်ပဲ မီးမလောင်ဘဲ ကျန်ရစ်တယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“တစ်ရွာလုံး (ပြာကျသွားတယ်) ပြောပါတော့။ ၅၀၀ ကျော် ရှိတယ် နှစ်ရွာပေါင်း၊ ပြည်သူတော့ အသေ အပျောက် မရှိဘူး၊ လာတယ်ကြားရင် တစ်ရွာလုံး ပြေးကြတာ။ တိရိစ္ဆာန်တွေ သေကုန်တာ၊ ကျွဲ၊ နွားတွေ”

စစ်အုပ်စုဟာ မီးရှို့ဖျက်ဆီးလို့ အထက်ပါ ကျေးရွာ ငါးရွာပေါင်း အိမ်ခြေ ၁၂၀၀ ခန့် ပြာကျပျက်စီး တယ်လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“ဒါးကျွန်း တောင်ရွာ-မြောက်ရွာ၊ တန်ဆောင်း၊ ပြည်တော်သာ အဲဒီရွာတွေကို မနေ့က မီးရှို့တာ။ နတ်ညွှန်းရွာကတော့ အရင်တခါ စစ်ကြောင်းထိုးတုန်းက မီးရှို့ထားတာမှာ မလောင်ဘဲ ကျန်နေသေးတဲ့ အိမ်တွေကို အကုန်ထပ်ရှို့သွားတာ။ မီးရှို့တာကတော့ စာသင်ကျောင်းတွေပါ ရှို့သွားတာ။ အကုန် ရွာလုံးကျွတ် လောင်သွားတယ်။ မနေ့က ရှို့ခံရတာက ရွာပေါင်း ငါးရွာဆိုတော့ အိမ်ခြေက ၁၀၀၀ ကျော် လောင်သွားတာ”

စစ်အုပ်စုဟာ မြင်းခြံမြို့အနောက်ခြမ်းရှိ ကျေးရွာတွေကို ရွေးကောက်ပွဲ လုံခြုံရေး အကြောင်းပြကာ ဇန်နဝါရီလက စလို့ စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး လက်ရှိမှာ အင်အား ထပ်တိုးကာ ဆက်လက် မီးရှို့ဖျက်ဆီးနေတာလို့ မြင်းခြံနယ်ခံက ပြောပါတယ်။

ဇန်နဝါရီလအတွင်းကလည်း မြင်းခြံနယ် အနောက်ခြမ်းရှိ ပတ္တာရွာ(အရှေ့-အနောက်)ရှိ စာသင်ကျောင်း နှစ်ကျောင်းနဲ့ နေအိမ် ၂၇၇ လုံး၊ နတ်ညွှန်းရွာရှိ နေအိမ် ၆၂ လုံး၊ စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးကာ ငါးတန်းကျောင်းသူ ကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် နတ်ညွှန်း၊ ဒါးကျွန်း၊ သဲဖြူဝ၊ ပြည်တော်သာ၊ တန်ဆောင်း၊ သင်္ဘောတင်၊ ဒေါင့်သစ်၊ လေးဖြတ်ခုံ၊ အောင်ပြည်စိုး၊ ရွှေညောင်ပင်၊ ပတ္တာ စတဲ့ ကျေးရွာ ၁၅ ရွာကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါး စတဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြင်းခြံမြို့နယ် အနောက်ခြမ်း၊ နတ်ညွှန်းရွာကို စစ်အုပ်စု စီးနင်းလုယက်၊ မီးရှို့ ဖျက်ဆီးလို့ နေအိမ်တွေ မီးလောင်ပြာကျစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button