စစ်ကိုင်းမကွေးသတင်း

စစ်ကိုင်းနဲ့မကွေးတိုင်းထဲ စစ်အုပ်စု ဗုံးပတ်ကြဲ၊ နှစ်ရက်အတွင်း ပြည်သူ ၁၅ ဦး သေဆုံး၊

ထင်လင်း၊MN၊ရွှေဥ/MFP၊ ဖေဖေါ်ဝါရီ – ၆

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လေကြောင်းသုံးကာ ဗုံးပတ်ကြဲလို့ ဖေဖော်ဝါရီ ၄ရက်နဲ့ ၅ရက် နှစ်ရက်တာအတွင်း အရပ်သားပြည်သူ ၁၅ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖေဖေါ်ဝါရီ ၅ရက် မနေ့က စစ်ကိုင်းတိုင်း တန့်ဆည်နယ်၊ သစ္စေးကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲ၊ ရော့ကတ်တွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်ရာ ကိုရင်ငယ် နှစ်ပါးနဲ့ အမျိုးသမီး သုံးဦး အပါအဝင် ခုနှစ်ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့က ညနေပိုင်းမှာပဲ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ မိအယ်ကျေးရွာကို စစ်အုပ်စုက ဗုံးကြဲရာ ကျောင်းသူကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသမီး ငါးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရပြီး အိမ်ခြေ အလုံး ၄၀ ကျော် ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှ‌ကျေးရွာကို စစ်အုပ်စုက ဗုံးကြဲရာ ခရီးသွားရင်း ကားရပ်နားနေတဲ့ ကားဆရာတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီ ၄ရက်မှာပဲ စစ်ကိုင်းတိုင်းရဲ့မြို့တော်၊ မုံရွာမြို့တောင်ဘက် ကပ်လျှက်ရှိတဲ့ သက္ကယ်ကျင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်အုပ်စုက ဗုံးကြဲရာ စစ်ဘေးရှောင်ပြည်သူ သားအဖနှစ်ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ စစ်အုပ်စုက ရွာမီးရှို့လို့ နေစရာအိမ် မရှိတော့ဘဲ ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်ခိုလှုံနေသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နှစ်ရက်တာအတွင်း စစ်ကိုင်းတိုင်း မြောင်နဲ့ ကနီမြို့နယ်၊ မကွေးတိုင်း မြိုင်နယ်တွေကိုလည်း ဗုံးပတ်ကြဲခဲ့ပြီး ပြည်သူတွေ ကံကောင်းထောက်မလို့ သေဆုံးတာ မရှိဘဲ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။

တန့်ဆည်နယ် ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုမှာလည်း ဖျက်အားပြင်း ဗုံးတစ်လုံး မပေါက်ကွဲပေမယ့် ခုနှစ်ဦးအထိ သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်ကျော်အရွယ် ကိုရင်ငယ်တစ်ပါးကတော့ အလောင်းရှာမရဘဲ ဗုံးထိမှန်ကာ တစ်စစီ ဖြစ်သွားတယ်လို့ ယူဆရကြောင်း ဒေသခံတွေက MFP ကို ပြောပါတယ်။

“အသေအပျောက်က ကိုရင်လေးနှစ်ပါး အပါအဝင် ခုနစ်ယောက်၊ Dead body (အလောင်း) က ခြောက်ခု ရတယ်တဲ့၊ ကိုရင်လေးတစ်ပါးကတော့ ပျောက်နေတယ်တဲ့၊ အစအနကို ရှာမတွေ့တော့ Dead body ပါ မကျန်တော့တဲ့ သဘောပဲဗျ”

စစ်အုပ်စုဟာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်သားပစ်မှတ်နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ သတိနဲ့နေထိုင်ဖို့ လိုတယ်လို့ ဒီပဲယင်းမြို့နယ်ခံ တစ်ဦးက  ပြောပါတယ်။

“သူတို့သွားနေတဲ့ ပုံစံမျိုးကတော့ အပိုင်းအလိုက် (ဗုံးကြဲ) သွားနေတယ်လို့ ယူဆရတာပါ၊ ပြီးခဲ့တဲ့ လတွေကဆို ကျနော်တို့မြို့နယ်မှ မဟုတ်ပါဘူး၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းဘက်တွေ စစ်ကိုင်းတိုင်း အောက်ပိုင်းပ”

တရုတ်အားကိုးနဲ့ ရှမ်းမြောက်ဒေသ တော်လှန်ရေး အင်အားစုတွေကို အပစ်အခတ် ရပ်စဲခွင့်ရပြီးနောက် အာဏာသိမ်း စစ်အုပ်စုက စစ်ကိုင်း၊ မကွေး စတဲ့ အညာဒေသ နဲ့ ရခိုင်ပြည်ထဲ အဓိက ပစ်မှတ်ထားကာ ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅,၁၈၈ ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တန့်ဆည်နယ် ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ဗုံးကြဲအပြီး အပျက်အစီးတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button