စစ်ကိုင်းသတင်း

မုံရွာ ကျောက္ကာရွာမှာ  ပဲစဉ်းငုံခင်း (ရိတ်သိမ်း) ခုတ်ရဖို့ စစ်အုပ်စုကို ငွေပေးဆောင်ရ၊

ကျောက္ကာရွာထဲ စစ်အုပ်စု တပ်စွဲထားလို့ ပြည်သူတွေ ထွက်ပြေးနေရတာ ခြောက်လကျော် ရှိလာ၊

ဘုန်းစိုး/MFP၊ ဖေဖော်ဝါရီ- ၈

စစ်ကိုင်းတိုင်းရဲ့မြို့တော်၊ မုံရွာမြို့ရှိ ကျောက္ကာကျေးရွာထဲ စီးနင်းအထိုင်ချ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်အုပ်စုက ပဲစဉ်းငုံစိုက်ခင်း ခုတ်သိမ်းလိုတဲ့ တောင်သူတွေကို တစ်ဧက ငွေကျပ်နှစ်သိန်းနှုန်း ငွေညှစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မုံရွာမြို့အနီး၊ မုံရွာ – အရာတော်- ရွှေဘိုကားလမ်းပေါ်ရှိ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာ ကျတဲ့ ကျောက္ကာကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ၂၀၂၅ ဩဂုတ်လအတွင်း စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့ပြီးနောက် ရွာထဲက ပြန်မထွက်တော့ဘဲ ကျောက္ကာ ရွှေဂူနီဘုရားထဲ ဂိတ်ဖွင့် စခန်းချ ထားတာ ဖြစ်ပါတယ်။

စစ်အုပ်စု ရန်ကြောင့် ကျောက္ကာကျေးရွာရှိ ပြည်သူတွေ ထွက်ပြေးနေရပြီး လက်ရှိမှာ စိုက်ပျိုးထားတဲ့ ပဲစဉ်းငုံခင်းတွေ ရင့်မှည့်လို့ ရိတ်သိမ်းချိန်ဖြစ်ပေမယ့် စစ်အုပ်စုက တစ်ဧက ကျပ်နှစ်သိန်းနှုန်း ငွေတောင်းနေတာကြောင့် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

“သူတို့(စစ်တပ်) တပ်စွဲကတည်းက စစ်ရှောင်နေရတာပဲလေ၊ အခုက ပဲစဉ်းငုံ ခုတ်(ရိတ်သိမ်း)ချိန်၊ မခုတ်နိုင်ကြဘူး၊ တစ်ဧကကို နှစ်သိန်းတောင်းနေလို့၊ ကိုယ့်ဟာကိုယ် ခုတ်ဖို့တောင် မခုတ်ရဲကြဘူး” လို့ စစ်ဘေးရှောင်နေရတဲ့ ကျောက္ကာရွာခံ တောင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ရွှေဂူနီဘုရားထဲ အထိုင်ချပြီးနောက် ကျောက္ကာကျေးရွာအနီး အနီးပတ်၀န်းကျင်ကို ထိန်းချုပ်ထားကာ ဒေသခံတောင်သူတွေရဲ့ စိုက်ခင်းတွေထဲကိုလည်း ငွေမပေးသူ စိုက်ပျိုး၊ရိတ်သိမ်းခွင့် မပေးဘူးလို့ ဆိုပါတယ်။

“တတ်နိုင်တဲ့လူ (စိုက်ဧကများတဲ့ တောင်သူ)က ပိုက်ဆံပေးပြီး ခုတ်ချင်ရင်တောင် အလုပ်သမား ရှာမရဘူး၊ မလိုက်ရဲကြဘူး၊ တစ်နေ့မှ တစ်သောင်းရတာ၊ အဖမ်းခံလိုက်ရရင် ဘယ်သူမှ အာမ မခံနိုင်ဘူး၊ ဒီကောင်(စစ်တပ်)တွေက ယုံလို့ရတဲ့ ကောင်တွေ မဟုတ်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပဲစဉ်းငုံ ရိတ်သိမ်းချိန်မှာ ရိတ်သိမ်းခွင့် မရကြတဲ့အတွက် စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှု ရှိပြီး တောင်သူတွေ အတွက်လည်း နစ်နာဆုံးရှုံးမှု များတယ်လို့ ဆိုပါတယ်။

ကျောက္ကာရွာဟာ တောင်ရွာနဲ့ မြောက်ရွာရှိပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိကာ တောင်သူလုပ်ငန်း၊ ပန်းယွန်းခေါ် ယွန်းထည်လုပ်ငန်းနဲ့ ရေနံချက်လုပ်ငန်းတွေ လုပ်ကိုင်တဲ့ စည်းကားတဲ့ ကျေးရွာကြီး ဖြစ်ပါတယ်။

ကျောက္ကာ ရွှေဂူနီဘုရားထဲ စခန်းချ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုဟာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ရဲ့ ကာကင်းအဖြစ် နေရာယူထားသလို မုံရွာ – အရာတော် ကားလမ်းပေါ်တက်ပြီး လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ နေအိမ်ဖောက်ထွင်းလုယက်၊ မီးရှို့တာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ဩဂုတ်လအတွင်း ကျောက္ကာရွာကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button