
သုထက်/MFP၊ ဖေဖော်ဝါရီ – ၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ ပျူစခန်းထဲနေ စစ်အုပ်စုက ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး ရန်ပြုလို့ ကျေးရွာ ငါးရွာက ထောင်ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီ ၈ရက် ဒီကနေ့ မနက်ပိုင်း ဘန့်ဘွေးရွာ ပျူစခန်းကတဆင့် အာဏာသိမ်း စစ်အုပ်စုနဲ့ ပျူစောထီးတွေက အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးလို့ ညောင်ငုပ်တို၊ မယ်ဇောတောတိုက်၊ နဘူးတော၊ သံပုရာပင်ရိုးနဲ့ ကျွန်းတောပြင် စတဲ့ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
“စစ်ကြောင်းက တစ်ရက် ထိုးပြီး နောက်ရက် ပြန်ဝင်လိုက်၊ နောက်တစ်ရက်ခြား ပြန်ပြီး စစ်ကြောင်း ထိုးလိုက်နဲ့ ဆိုတော့ သက်ကြီးရွယ်အိုတွေ အိမ်ပြန်မခေါ်ရဲတဲ့ အခြေအနေ ရှိတယ်” လို့ ဒေသခံ စစ်ရှောင် အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
ဘန့်ဘွေးရွာဟာ မုံရွာ – ယာကြီး – ကလေးဝ လမ်းပေါ်မှာ တည်ရှိတဲ့ လမ်းပန်းဆက်သွယ်ရေး အချက်အချာ ကျတဲ့ ကျေးရွာဖြစ်ကာ ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက စစ်အုပ်စုက အဲ့ဒီ ဘန့်ဘွေးရွာမှာ ပျူစခန်းဖွင့်ပြီး ဂိတ်ဖွင့် တပ်စွဲထားတာ ဖြစ်ပါတယ်။
ဘန့်ဘွေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ရွာဖြစ်ပြီး စစ်အုပ်စုက ပျူအဖွဲ့ထဲ မဝင်သူတွေကို ရန်ပြု၊ သတ်ဖြတ်၊ မီးရှို့လို့ အိမ်ထောင်စု ၂၀ လောက်ကလွဲလို့ ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေရတာ လေးနှစ်ကျော် ရှိလာပြီ ဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ စစ်အုပ်စုဟာ သူတို့ကို သစ္စာခံတဲ့ အိမ်ထောင်စု ၂၀ လောက်ကို ပျူစောထီးအဖြစ် လက်သပ်မွေးကာ ကျေးရွာအတွင်း ပျူစခန်း ဖွင့်ထားပြီး အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းလုယက်၊ လမ်းပေါ် ဂိတ်ဖွင့် ငွေညှစ်ကာ စားသောက်နေထိုင်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်သားတွေက စစ်ကြောင်းထိုးပြီး ရိက္ခာတွေကို ရွာတွေက စိတ်တိုင်းကျ သယ်တယ်” ၊ “အဆိုးဆုံး ခံရတာတော့ နဘူးတောရွာပဲ”လို့ ဘန့်ဘွေးရွာ ပျူစခန်းထဲနေ စစ်အုပ်စုက လက်နက်အားကိုးနဲ့ လူသတ်၊ လုယက်၊ ဖောက်ထွင်း ခိုးယူနေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီ ဘန့်ဘွေးရွာ ပျူစခန်းက စစ်အုပ်စုဟာ စစ်ကြောင်းထိုးချိန်တိုင်း မထင်ရင် မထင်သလို ထန်းတက်သမားတွေ၊ တောင်သူတွေကို သတ်ဖြတ်တာ၊ မီးရှို့တာတွေ ကျူးလွန်လေ့ရှိတာကြောင့် စစ်အုပ်စု စစ်ကြောင်းထိုးတိုင်း အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ အသက်လု ထွက်ပြေး နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဘန့်ဘွေးရွာ ပျူစခန်းနေ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း နဘူးတော၊ ထန်းဇင်နဲ့ လက်ပံရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲ့ဒီ ရွာတွေကို ဒေသခံတွေကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့ရဲ့ ချင်းတွင်းမြစ် တဖက်ကမ်းရှိ ယင်းမာပင်နယ်ထဲ စစ်အုပ်စုက မကြာခဏ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး ၂၀၂၅ ဒီဇင်ဘာလ အတွင်းကလည်း ယင်းမာပင်နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်အုပ်စုက လေးရက်ကြာ စစ်ကြောင်းထိုးကာ ကျောက်မော်၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ နှောပင်၊ အင်းပတ်၊ ကြက်လျာနဲ့ ပန်းတိမ်ပြင် စတဲ့ ကျေးရွာတွေကို ဖောက်ထွင်း လုယက်ပြီးနောက် မီးရှိ့ ဖျက်ဆီးလို့ အိမ်ခြေ ၂၅၀ ကျော် ပြာကျ ပျက်စီးခဲ့ပါတယ်။

ယင်းမာပင်နယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုးလို့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



