
သုထက်/MFP၊ ဖေဖေါ်ဝါရီ – ၈
စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုက ဒေသခံ အရပ်သား အမျိုးသားတွေကို စစ်မြေပြင်မှာ အသုံးချဖို့ ပေါ်တာဆွဲ ဖမ်းဆီး၊ လူသစ်စုဆောင်းတာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ထဲနေ စစ်အုပ်စုဟာ စစ်ကား၊ အိမ်စီးကား၊ ယူနီဖောင်းဝတ်၊ အရပ်ဝတ်တွေနဲ့ မုံရွာမြို့အနှံ့ လှည့်ပတ်ပြီး လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထားကာ ပေါ်တာဆွဲ ဖမ်းဆီး၊ စစ်သားသစ် စုဆောင်းနေတာလို့ ဆိုပါတယ်။
စစ်အုပ်စုက ပေါ်တာဆွဲရာမှာ မုံရွာမြို့ပေါ် နေရာတစ်နေရာတည်း အထိုင်ချ ဂိတ်ဖွင့်ကာ ဖမ်းဆီး ပေါ်တာဆွဲ တာမျိုး မဟုတ်ဘဲ ရပ်ကွက်နဲ့ လမ်းပေါ် နေရာအနှံ့ လှည့်ကာ တွေ့သမျှလူကို ကားပေါ်ဆွဲတင် နေတာလို့ မုံရွာမြို့ခံ အသက် ၅၀အရွယ် အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“အသွားအလာ ဂရုမစိုက်တဲ့ လူငယ်တွေ အများစု အဆွဲခံရတာပဲ၊ မနေ့ကနဲ့ ဒီနေ့ အတော်ဆိုးတယ်၊ အိုးရှင်းဆိပ်ကမ်း၊ သုံးထောင့်ချွန်း၊ မုံရွာတောင် အထွက်တွေမှာ လူငယ် အတော်များများ ပါသွားတယ်”
ဒီကနေ့ ဖေဖေါ်ဝါရီ ၈ရက်မှာ နမခ အလုံမြို့ကနေ သံပြားကာကားနှစ်စီး၊ ပွိုင့်ဖိုက်ပါ ကားတစ်စီးနဲ့ ပေါ်တာဆွဲ ထွက်လာတဲ့ စစ်အုပ်စုဟာ မုံရွာမြို့ဝင် သုံးထောင့်ချွန်း၊ လွှတ်တော်အနီးတဝိုက်၊ သာစည်လမ်း၊ ကျောက္ကာလမ်းမီးပွိုင့်၊ ထန်းတောရပ်၊ စက်မှုဇုန်ရပ်ကွက်နဲ့ ကမ်းနားလမ်းတလျှောက် လှည့်ပတ် ပေါ်တာဆွဲနေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ပေါင်း ပေါ်တာဆွဲခံရသူ အနည်းဆုံး ၄၀ ကျော် ရှိပြီး ယခုရက်ပိုင်း စစ်အုပ်စုက မုံရွာမြို့ပေါ် တစ်ပတ်ကို လေးရက်လောက် ပေါ်တာ ထွက်ဆွဲနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
မုံရွာမြို့ခံလူငယ်တွေကို အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ အဓိက ပစ်မှတ်ထား ပေါ်တာဆွဲပြီး မုံရွာမြို့အနီးနားတဝိုက်ကနေ မြို့ပေါ် စျေးလာဝယ်သူနဲ့ အလုပ် လာရောက်လုပ်ကိုင်သူ လူငယ်တွေကိုလည်း ပစ်မှတ်ထား ပေါ်တာဆွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
၂၀၂၄ မတ်လက စတင်ကာ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီး၊ စစ်သားသစ် စုဆောင်းကာ ရက်တိုစစ်သင်တန်းပေးပြီးနောက် တိုက်ပွဲဖြစ်တဲ့နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။


မုံရွာမြို့ပေါ် အင်အားပြ လှည့်လည်နေတဲ့ စစ်အုပ်စုရဲ့ သံပြာကာ ကားတွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



